Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မိတ်ဆုံစားပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျရာအခန်းကဏ္ဍ အသီးသီးတွင် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ မိသားစုနေ့လယ်စာ မိတ်ဆုံစားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရုံးအမှတ်(၃၆) ဝန်ကြီးဌာန စုပေါင်းစားရိပ်သာ၌ ကျင်းပသည်။

မိသားစုနေ့လယ်စာ မိတ်ဆုံစားပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ တိုးတက် အောင်မြင်အောင် ဆောင်ရွက်မှုများသည် တာဝန်ရှိသူအဆင့်ဆင့်သော ဝန်ထမ်းများ၏ တာဝန်သိမှု၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ ယခုလို မိတ်ဆုံစားပွဲမှတစ်ဆင့် မိမိတို့၏ အခက်အခဲများကိုလည်း ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် တိုင်ပင်ညှိနှိုင်း ဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကျရာကဏ္ဍအသီးသီးမှ ညီညွတ်စွာဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆)ရှိ ဝန်ထမ်း များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

နေ့လယ်စာ သုံးဆောင်အပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်