Skip to main content

ကိုဗစ် - ၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း(၁)နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ

သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၂၂)

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

 

ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း(၁)နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ မှစတင်၍ ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်။

၂။ မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကုမ္ပဏီ/ လုပ်ငန်းစုစုပေါင်း ၃၂၅ ခု၊ ချေးငွေပမာဏကျပ် ၇.၆ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် မကြာမီချေးငွေသက်တမ်းကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလစေ့ရောက်တော့မည်ဖြစ်ပါသည်။

၃။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုများထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၄။ သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၃၂၅ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကိုချေးငွေကာလသက်တမ်း(၁)နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ်ထပ်မံတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-

(က) အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီးဖြစ်ရပါမည်၊

(ခ) ချေးငွေအား ရည်ရွယ်ချက်အတိုင်းထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်း ဖြစ်ရပါမည်။

၅။ လုပ်ငန်းကော်မတီကခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ချေးငွေသဘောတူ စာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ