Skip to main content

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်ရေးထိန်းကျောင်းပေးဆောင်ပုဒ်အတိုင်း စာရင်းစစ်ကျင့်ဝတ်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၃၀

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ မိမိတို့ရုံး၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကိုသိရှိနားလည်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေရန်လည်းလိုအပ်ပါကြောင်း၊ လုပ်ငန်းသဘာဝအရ အဖွဲ့ဖြင့်ဆောင်ရွက်ရသည့် ပညာရပ်ဆိုင်ရာလုပ်ငန်းဖြစ်၍ အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ် စွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာသင်ယူနေ ကြရမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစွာ၊ ရိုးသားဖြောင့်မတ် သိက္ခာသမာဓိရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် စာရင်းစစ်ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် သတင်းအချက်အလက်လုံခြုံမှုတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိလျက် မွန်မြတ်သောစိတ်စေတနာများဖြင့် ပြည်သူ့အကျိုးရှေးရှုဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် စာရင်းစစ်ရုံး၌ အရှေ့ပိုင်းခရိုင်နှင့်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ မြောက်ပိုင်းခရိုင်စာရင်းစစ်ရုံး၌ မြောက်ပိုင်းခရိုင်နှင့် မြို့နယ်စာရင်းစစ်ရုံးများ မှဝန်ထမ်းများနှင့်လည်းကောင်းတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်