Skip to main content

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မဲခေါင်ဒေသလုံခြုံမှုပေါင်းစပ်ညှိနှိုင်းရေးစင်တာ “Safe Mekong Coordination Center ” မဲခေါင်ရိပ်သာဖွင့်ပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မဲခေါင်ဒေသလုံခြုံမှုပေါင်းစပ်ညှိနှိုင်းရေးစင်တာ၊ Safe Mekong Coordination Center မဲခေါင်ရိပ်သာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲအရာရှိကြီးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် ဝင်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာဦးတို့က အမှာစကားပြောကြားခဲ့ကြပြီး တာဝန်ရှိသူများက Safe Mekong Coordination Center မဲခေါင် ရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တက်ရောက်လာသူများက စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုးနရားအကဖြင့် ဖြေဖျော်ကြကာ အခမ်းအနားဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများဖြင့်ပက်ဖျန်းကြပြီး အဆောက်အဦကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ Safe Mekong Coor- dination Center မဲခေါင်ရိပ်သာ အဆောက်အဦကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၂၀၁၈ ခုနှစ်၊ အထူးရန်ပုံ ငွေမှ အမေရိကန်ဒေါ်လာ ၄၉၉၄၀၀ နှင့်ညီမျှသော မြန်မာကျပ်ငွေ ၇၇၄ ဒသမ ၀၇ သန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရန်ပုံငွေမှ ငွေကျပ် ၇၈ ဒသမ ၇ သန်း၊ စုစုပေါင်းငွေကျပ် ၈၅၂ ဒသမ ၇၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ တရုတ်-မြန်မာ - လာအို - ထိုင်း - ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် မူးယစ်ဆေးဝါး နိုင်ငံဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များရရှိစေရေးအတွက် ပူးပေါင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် နိုင်ငံအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များမှ ကိုယ်စားလှယ်အချင်းချင်းပူးပေါင်း၍ မဲခေါင်မြစ်ကြောင်းတစ်လျှောက် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု ပပျောက်ရေးအတွက် ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ထိန်းချုပ်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းလာစေရန်နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်သည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဓိကရည်ရွက်ချက်သည် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေရန်နှင့် နိုင်ငံအလိုက် ဒေသဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုင်းအဝိုင်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ၏ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်သည်။ မဲခေါင်ဒေသလုံခြုံရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန “Safe Mekong Coordination Center” ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် ရုံးခန်းများ ဖွင့်လှစ် ဆောင်ရွက်နိုင်ခြင်း၊ မဲခေါင်ဒေသအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သတင်းဖလှယ်မှုအစည်းအဝေးများ ကျင်းပနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည့်အပြင် မိမိတို့ရည်မှန်းချက်ဖြစ်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို ယခုထက်ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်