Skip to main content

မဲစာရင်းပြုစုရာတွင် အခြေခံရမည့်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေးပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်ပြီး ဥပဒေနှင့်အညီမဲပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းများကိုလည်း အလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီးရရှိလာသည့် စာရင်းများပေါ်တွင်အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သောလူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross-check) ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ရှိလာသည့်(၂)ကြိမ်၊ (၃)ကြိမ်၊ (၄)ကြိမ်နှင့်အထက် ထပ်နေသည့်စာရင်းများရှိကြောင်း၊ ယင်းစာရင်းများမှန်ကန်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ စိစစ်၍ အမြန်ဆုံးပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်၏ ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross-check) ဆောင်ရွက်ရာ၌တွေ့ရှိရသည့် အချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းအမြန်ပြီးပြတ်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်သူများစာရင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross-check) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်