နေပြည်တော် နိုဝင်ဘာ ၂၉
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၈) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန အားကစားကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အမှာစကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန အားကစား ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ထံ ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အောင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံကို အပ်နှင်းပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများအတွက် ဂုဏ်ပြုထောက်ပံ့ ငွေများကို ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ်ရဲမှူးချုပ် ဝင်းထွန်းကအဆိုပါ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားအသင်းများ၏ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်အဖွဲ့ဝင်များသည် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးကြသည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံအားကစားပြိုင်ပွဲသို့ ပြည်ထဲရေးဝန်ကြီး ဌာနကိုယ်စားပြု အားကစားသမား ၁၅၈ ဦးသည် ဘော်လီဘော၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ လွန်ဆွဲ၊ ထုပ်ဆီးတိုးနှင့် အပြေးပြိုင်ပွဲစသည့် အားကစားနည်း ခုနစ်မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်