နေပြည်တော် နိုဝင်ဘာ ၂၉
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ ကာ မန္တလေးတိုင်း ဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စပါးနှင့် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်းရှင် များ၊ တောင်သူ များနှင့်တွေ့ဆုံ၍ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းများ၊ လုပ်ငန်းများ အောင်မြင်စွာ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးအနေဖြင့် ဆောင်းပဲတီစိမ်းဧက (၂၀၀၀၀) ခန့်၊ နွေစပါးစိုက်ဧက(၈၀၀၀၀)ကျော် လျာထားဆောင်ရွက်နေမှု၊ အမှန်တကယ် ဆောင်ရွက်နိုင်သည့် စီမံကိန်းဧရိယာရွေးချယ်နိုင်ရေး၊ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ချေးငွေများ ပြန်လည်ရရှိရေး ဆောင်ရွက်မည့် အစီအမံများနှင့် အစိုးရအဖွဲ့မှ စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်ယူကြီးကြပ် ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြန်လည် ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသော ဒေသခံလုပ်ငန်းရှင်များ၊ တောင်သူများနှင့် သမဝါယမ အသင်းများ၏ မေးမြန်းချက်များကို သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောက်ရွက်မည့် အစီအစဉ်များကို ပြန်လည် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံအပေါင်းသုံးအရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်-၃ အရ APTERR ကောင်စီ၏အစီအစဉ်ဖြင့် အလှူရှင်နိုင်ငံများဖြစ်သော ဂျပန်နှင့်ကိုရီးယား သမ္မတနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့် ဆန်များအနက် မန္တလေးတိုင်းဒေသကြီးပြည်သူများအတွက် ဆန်တန်ချိန် (၅၀)ကို တိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂရိတ်ဝေါလ်ကုမ္ပဏီ၏ တစ်သျှူးကာချာလ် မျိုးပွားအလုပ်ရုံသို့ ရောက်ရှိကာ လယ်ယာသစ်တောနှင့် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မှု၊ လယ်ယာသီးနှံ သစ်တောရောနှောစိုက်ခင်း၊ အဲဗားဂရင်းမြက်နှင့် ကြီးမြန် ပြည်လုံးချမ်းသာ ရောနှော စိုက်ခင်း၊ အစေ့လွတ် အရသာကောင်း မျိုးသန့်ပျားလိမ္မော်ပင်များ စမ်းသပ်စိုက်ပျိုးထားမှု၊ အဲဗား ဂရင်းမြက်အား မွေးမြူရေးအစာအဖြစ်အသုံးပြု၍ နွားမွေးမြူထားရှိမှုကို ကြည့်ရှုလေ့လာ၍ ကုမ္ပဏီမှ တောင်သူများကို ဈေးကွက်ဝင်ပြီး အထွက်တိုး မျိုးစေ့များ၊ ပျိုးပင်များ ပံ့ပိုးနိုင်ရေးနှင့် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး)သို့ ရှောက်ရှိကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်