နေပြည်တော် နိုဝင်ဘာ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဦးစီး၍ (၂၉) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi Hazard Early Warning Center) အဆောက်အအုံတွင် ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆောင်ရွက်နေသော ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အခြား ဆက်စပ်ဌာနများမှဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် အွန်လိုင်းဖြင့်တက်ရောက်သော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရုံးများမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ၂၀၂၂ ခုနှစ် မုတ်သုံရာသီကာလအား ပြန်လည်သုံးသပ်ခြင်း၊ ဆောင်းရာသီကာလ (၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ) မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာခန့်မှန်းချက်များကိုတင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် လာမည့်ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်နိုင်မည့် လာနီညာအခြေအနေနှင့် ခန့်မှန်းချက်များအားတင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှပြီးခဲ့သည့် မိုးရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတုနှင့်မိုးလေဝသဆိုင်ရာအတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့်ဆောင်းရာသီကာလအတွက် ခန့်မှန်းချက်များကို အသုံးပြု၍ ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်မှုကို အသေးစိတ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ မုတ်သုံဖိုရမ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ တစ်နှစ်လျှင်နှစ်ကြိမ် ပုံမှန်ကျင်းပလာခဲ့ရာ ယခုအစည်းအဝေးသည် (၂၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်