Skip to main content

နေပြည်တော်နည်းပညာတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jean Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်တို့က နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်နည်းပညာတက္ကသိုလ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး နေပြည်တော်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် များပက်ဖျန်းပေးကြသည်။

ထို့နောက် စုဝေးခန်းမအတွင်း နေပြည်တော်နည်းပညာတက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှယိမ်းအဖွဲ့က တက္ကသိုလ်နန်းတေးသီးချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ်တစ်ခုကို မြို့တော်နေပြည်တော်တွင် ဖွင့်လှစ်နိုင်သည့်အတွက် ထူးခြားလေးနက်မှုများနှင့်အတူ ကျက်သရေမင်္ဂလာရှိသည့်နေ့တစ်နေ့လည်းဖြစ်ပါကြောင်း။

နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရန်၊ ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်ပြီး နိုင်ငံအတွက် အကျိုးကျေးဇူးများစွာကိုမျှော်လင့်ပြီး နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း။

ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)ကို နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွဲ့စည်းတည်ထောင်ပေးထားခြင်းဖြစ်ပါကြောင်း။

လက်ရှိနည်းပညာတက္ကသိုလ်များတွင် ဖွင့်လှစ်နေသည့်ဘွဲ့သင်တန်း ၂၆ ခုအနက်က လုပ်ငန်းလိုအပ်ချက်အများဆုံးဖြစ်သည့် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက် ထရောနစ်အင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်၊ အလုပ်အကိုင်အခွင့်အလမ်းအများဆုံးပေးနိုင်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသဖွံ့ဖြိုရေးအတွက်လိုအပ်သည့် ဗိသုကာဘာသာ ရပ်များကိုသင်ကြားပေးရန်အတွက် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးရန် လိုအပ်လျက်ရှိသည်ကို ဆန်းစစ်ချက်များအရသိရှိရပါကြောင်း၊ ထို့ကြောင့် အခုဖွင့်လှစ်သည့် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် နိုင်ငံတော်အတွက် လိုအပ်နေသည့် အင်ဂျင်နီယာပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် အင်ဂျင်နီယာဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးဖြစ်သည့် သုတနည်းပညာဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ်အပါအဝင် စုစုပေါင်းဘာသာရပ် ၆ ခုကို အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမများ၊ ဘာသာရပ်ကျွမ်းကျင်သူပညာရှင်ကြီးများက ICT ကိုအသုံးပြုကာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကကုန်ထုတ်လုပ်ငန်းအဖြစ်ဆောင်ရွက်နေပြီး၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ခြင်းကြောင့် ခေတ်မီစိုက်ပျိုးရေးစနစ်သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးအတွက်လိုအပ်သည့် အင်ဂျင်နီယာနည်းပညာရပ်များသည် စိုက်ပျိုးရေးထုတ်လုပ်မြှင့်တင်မှုကို များစွာအထောက်အပံ့ ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်တွင် စိုက်ပျိုးရေးတက္ကသိုလ်ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် နောင်လာမည့်ပညာသင်နှစ်များတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီးပေါ်ထွက် ရှင်သန်လာတော့မည်ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း။

နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့်မားသည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS)ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှုအထောက်အကူပြုစနစ် (LMS)ဆိုသည်မှာ ပညာရပ်ဆိုင်ရာသင်ခန်းစာများ၊ သင်တန်းအစီအစဉ်များနှင့်ပတ်သက်ပြီး စီမံခန့်ခွဲခြင်း၊ သင်ကြားသင်ယူမှုများကို လေ့လာဆန်းစစ်ခြင်း၊ အစီရင်ခံခြင်း စသည်များကို အလိုအလျောက်လုပ်ဆောင်ပေးသည့် Application Software တစ်ခုဖြစ်ပါကြောင်း။

LMS ကို နိုင်ငံတကာရှိတက္ကသိုလ်များ၊ ကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူတိုင်း၏ သင်ကြားရေးနှင့်သက်ဆိုင်သည့် ဆောင်ရွက်မှုတိုင်းအတွက် Learning Portal အဖြစ် အသုံးပြုလျက်ရှိပြီး ယနေ့အချိန်အခါတွင် LMS အခြေခံ Online Learning ကို တွင်ကျယ်စွာအသုံးပြုလာကြပြီဖြစ်ပါကြောင်း၊ နေပြည်တော်နည်းပညာတက္ကသိုလ်တွင်လည်း LMS အသုံးပြုပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စာမေးပွဲစစ်ဆေးခြင်း၊ လေ့ကျင့်ခြင်းစသည်များကိုဆောင်ရွက်ပြီး သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ Information and Communication Technology (ICT) အခြေပြု သင်ကြားသည့် တက္ကသိုလ်ကြီးတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်း တည်ထောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများကိုလည်း လေ့လာသိရှိမှုစွမ်းရည်၊ ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်၊ လုပ်ဆောင်နိုင်မှုစွမ်းရည်များပြည့်ဝသည့် အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များဖြစ်အောင် သင်ကြားလေ့ကျင့်မွေးထုတ်ပေးသွားမှာဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံကို အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်စေရန်မှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ရန်ကလည်း အလွန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံ ထာဝရအဓွန့်ရှည်တည်တံ့ ရှင်သန်နိုင်ရေးအတွက် မြင့်မားသည့်ပညာစွမ်းရည်နှင့် စွမ်းအားများကို တည်ဆောက်နေကြရမည်ဖြစ်သည့်အပြင် မိမိနိုင်ငံကို ချစ်မြတ်နိုး တန်ဖိုးထားသည့်စိတ်၊ ကိုယ့်လူမျိုးကို ချစ်မြတ်နိုးတတ်သည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်များရှိရန်လည်း အထူးလိုအပ်သည်ကို ပြောကြားလိုပါကြောင်း။

နေပြည်တော်ကောင်စီနယ်မြေတွင် နည်းပညာတက္ကသိုလ်တစ်ခုကိုယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏မြို့တော်ဂုဏ်အင်္ဂါရပ်နှင့် ကိုက်ညီပြည့်စုံစေပြီး နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း။

နေပြည်တော်နည်းပညာတက္ကသိုလ်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပြီး တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် ကောင်းမွန်မြင့်မြတ်သော အရင်းခံစိတ်ဓာတ်များဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း နိုင်ငံတော်ကဖွင့်လှစ်ပေးသည့် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကိုသင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားနိုင်ကြမည့် ပညာပြည့်ဝနှလုံးလှသည့် အတတ်ပညာရှင် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားလေ့လာသင်ယူသွားကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက လူချွန်လူကောင်း တေးသီချင်း၊ သွေးချင်းတို့ဌာနေမြန်မာပြည် တေးသီးချင်းတို့ဖြင့် သီဆိုသရုပ်ဖော်ကပြဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နေပြည်တော်နည်းပညာတက္ကသိုလ်အတွင်းရှိ လက်တွေ့ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်၊ Language Lab နှင့် ကွန်ပျူတာခန်းများ၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာအလုပ်ရုံများကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ နေပြည်တော်နည်းပညာတက္ကသိုလ်သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်တွင်တည်ရှိကြောင်း၊ ယခင်က အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)အဖြစ်ရှိခဲ့ပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်နည်းပညာကျွမ်းကျင်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်အဆင့်သို့ မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စာကြည့်တိုက်နှင့် Elibary တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကြောင်း သတင်းရရှိသည်။