နေပြည်တော် နိုဝင်ဘာ ၂
တောင်ကြီးမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီတွင်တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာအုပ်စု ဖက်နံကျေးရွာနေ နိုင်လင်းထက်၏ လယ်တဲသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ ဖိုးသဲ၊ အောင်ဘိုဟိန်း၊ ဇော်ထက်အောင်နှင့် မျိုးကိုကိုထိုက်တို့ လေးဦးကို တွေ့ရှိရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၅၀ နှင့် မြန်မာငွေကျပ် ၀ ဒသမ ၅၆ သိန်းတို့ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းဖုံး(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံကျေးရွာနေ တီးတိုး(ခ)ဆမ်ခမ်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀၀ နှင့် အိုက်စ် ၀ ဒသမ ၀၃ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် အားဆက်ယာမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာစိတ်ပြောင်း ဆေးဝါး Happy Water ၅ ဒသမ ၄ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်