Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၇၀၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၁.၃၆) ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၄၃၀,၈၈၉) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၁,၉၂၉) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁၄၉) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၀၆,၀၂၂) ဦးရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၈၃) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁-၁၁-၂၀၂၂) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၇၁၂,၃၂၀) ဦး နှင့် အသက် (၁၈) နှစ် အောက် လူဦးရေစုစုပေါင်း (၆,၆၉၃,၂၉၄) ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ (၁၅-၁၀-၂၀၂၂) ရက်နေ့အထိတွေ့ရှိရသော ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ စုစုပေါင်း၏ (၉၀.၄) ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူစုစုပေါင်း၏ (၈၀.၉) ရာခိုင်နှုန်းတို့မှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်းမရှိ သူများဖြစ်ကြောင်း  တွေ့ရှိရပါသည်။

နိုင်ငံတကာ သုတေသနတွေ့ရှိချက်များအရလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများသည် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား မဖြစ်မနေထိုးနှံထားရှိရန် လိုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိသည့်အပြင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။