Skip to main content

လယ်ယာကဏ္ဍဆိုင်ရာ ကျွမ်းကျင်သော လုပ်သားကောင်း အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးကြိုးပမ်း

နေပြည်တော် အောက်တိုဘာ ၂၀

စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးကြိုးပမ်းရာတွင် ထွန်ထယ်ကိရိယာများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးသာမက ခေတ်မီလယ်ယာသုံးစက်ကိရိယာများ၊ ရိတ်သိမ်းချွေလှေ့စက်ကြီးများ၊ ဒရုန်းနည်းပညာများ၊ သိုလှောင် ကြိတ်ခွဲ ပြုပြင် ထုပ်ပိုးခြင်းဆိုင်ရာ စက်ကိရိယာများကို စနစ်တကျအကျိုးရှိစွာ အသုံးပြုနိုင်ရေးသည်လည်း လိုအပ်လာလျက်ရှိကြောင်း၊ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် သင်တန်းသားများနှင့်အတူ စုပေါင်းဓါတ်ပုံရိုက်ကြပြီး သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရ သင်တန်းသို့ အခြေခံပညာအထက်တန်း ပြီးမြောက်သူများ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ () နှစ်ကြာမြင့်မည်ဖြစ်ကာ သင်တန်းပြီးဆုံး၍ အရည်အချင်းပြည့်မှီသူများကို မြန်မာနိုင်ငံ ပညာရေး အရည်အသွေး စံသတ်မှတ်ချက်မူဘောင် အဆင့်() Myanmar National Qualification Framework (MNQF) Level(4) ရှိ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ထူးချွန်သူများကို မြန်မာနိုင်ငံ ပညာရေးအရည်အသွေးစံသတ်မှတ်ချက် မူဘောင်အဆင့်(၅) Myanmar National Qualification Framework(MNQF) Level (5) ဖြစ်သည့် သတ်မှတ် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် စက်မှုလယ်ယာနည်းပညာ ပထမနှစ်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ယခုဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ် (၁) သင်တန်းသို့ ပြင်ပသင်တန်းသား (၂၅) ဦး၊ ဌာနတွင်းဝန်ထမ်း(၁၅)ဦး စုစုပေါင်း (၄၀) တက်ရောက်ကြပြီး၊ ပြင်ပသင်တန်းသား (၂၀) အတွက် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်အသင်းဝင် ကုမ္ပဏီ(၄)ခုက ပညာသင်စရိတ် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ကျန်(၅)ဦးကို စက်မှုလယ်ယာဦးစီးဌာနက ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ထားရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ) သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက လယ်ယာသုံးစက်ကိရိယာအခြေခံသော စက်မှုလက်မှုနည်းပညာဖွံ့ဖြိုးရေးအတွက် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျွမ်းကျင်သောလူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် နည်းပညာအခြေခံသော အသက်မွေးဝမ်းကျောင်း ပညာတတ်လူငယ်များမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးမှာကြားခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ် ကံဦးစံပြကျေးရွာအနီးရှိ မွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ(သဖန်း)သို့ ရောက်ရှိကြပြီး စံပြကန်အမှတ်(၁) နှင့် စံပြကန် အမှတ် (၂) အတွင်း ရေသိုလှောင်ထားရှိမှု၊ စံပြကန်အမှတ် (၃) တူးဖော်မည့်မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်