“နိုင်ငံသားကြီးငယ်မဟူ ကျား/မ မရွေး အသိပညာရှင်၊ အတတ်ပညာရှင်များ၏ သိမြင်နှံ့စပ်မှု၊ ကျွမ်းကျင် တတ်မြောက်မှု၊ အတွေ့အကြုံရင့်ကျက်မှုများနှင့် စိတ်ရင်းစေတနာများသည် အခြေခံကျသည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း။ နိုင်ငံ၏သမိုင်းအဆက်ဆက်တွင် ‘ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်’ ဟူသည့် ဓမ္မဓိဋ္ဌာန်ကျသည့် အမြင်အသိကသာ လက်တွေ့ကျပြီး အမှန်ကန်ဆုံးဖြစ်သည့် အတွက် နိုင်ငံနှင့် လူမျိုးအကျိုးကို တိုးတက်မြင့်မားအောင် အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြု ညစာစားပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
နိုင်ငံအတွင်း၌ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ စွမ်းပကားသည် အလွန်ကြီးမားပါသည်။ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင် ကြသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု အနုသုခုမများသည်လည်း နိုင်ငံနှင့်လူမျိုးအတွက် များစွာအကျိုးပြုနေပါသည်။ တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာတည်ရှိခဲ့ပါသည်။ အဆိုပါရှိခဲ့သည့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံစံများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်း မရှိအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးပြုနိုင်ရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
အထူးသဖြင့် နိုင်ငံနှင့်အဝှမ်း၊ ကမ္ဘာတစ်ဝန်းရင်ဆိုင် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်နေသည့်ကာလတွင် လိုအပ်နေသော မြန်မာ့ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် မြန်မာ့ရိုးရာယဉ်ကျေး မှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းများနှင့်အညီ အောင်မြင်စွာထုတ်ဖော်ဆောင်ရွက်နိုင်ခဲ့သည်မှာ ဝမ်းမြောက်စရာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် အဓွန့်ရှည် တည်တံ့ခဲ့သည့် မြန်မာတို့၏ အနုသုခုမပညာရပ်များကို “မဟာ” ဟူသည့် ကြီးကျယ် မြင့်မြတ်သော ဂုဏ်ထူးဝိသေသနှင့် မဟာဂီတကို ခေတ်အဆက်ဆက်တွင် တန်ဖိုးထားထိန်းသိမ်းလာခဲ့ပြီး တတ်မြောက်ထားသော အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းအမွေပေးဝေလာနိုင်ခဲ့သည်။ တိုးတက်ပြောင်းလဲနေသော ခေတ်ကာလ၌ အနောက်တိုင်း ယဉ်ကျေးမှုလွှမ်းမိုးလာချိန်တွင် မြန်မာ့ယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး နှစ်စဉ်မပျက် ကျင်းပနိုင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်ငါးနှစ်တာကာလ၌ အကြောင်းအမျိုးမျိုးဖြင့် ပြိုင်ပွဲကြီး ရပ်တန့်သွားခဲ့ပြီး ယခုအခါ အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင် ခဲ့သည်မှာ ဂုဏ်ယူစရာ ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဝါသနာခုံမင် တန်ဖိုးထားသော မျိုးဆက်သစ်များ အနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိခဲ့သည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်သည်။ အတူတကွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် တိုင်းရင်းသားအချင်းချင်း ရရှိထားသော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ဆက်လက်ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်။ မိမိတို့ အမျိုးသားကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြှင့်တင်ရင်း မိမိနိုင်ငံနှင့်မိမိနိုင်ငံသားများအပေါ် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာရှင်သန်ရေးကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်းသွားကြရန် လိုအပ်ပေသည်။ ဝါရင့်အနုပညာရှင်၊ သက်ကြီးအနုသုခုမပညာရှင်များအနေဖြင့် နှစ်ပေါင်း များစွာဆည်းပူးခဲ့သော အနုသုခုမပညာရပ်များကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းအမွေ ပေးဝေနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံပါသည်။
သို့ဖြစ်ရာ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပေးနိုင်ပြီး အနုသုခုမပညာရပ်များကို လက်ဆင့်ကမ်းမျှဝေပေးနိုင်သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပညာရည်ပြည့်ဝသည့် နိုင်ငံသားအားလုံးတို့ကလည်း မိမိတို့ တတ်မြောက် သိမြင်၊ နားလည်နှံ့စပ်ကျွမ်းကျင်တတ်မြောက်သည့် ပညာရပ်များဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဝိုင်းဝန်းသယ်ပိုးထမ်းဆောင်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။