ယနေ့သည် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဖြစ်သည်။ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ပြီး ရရှိနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ ပဋိညာဉ်ကို အတည်ပြုခဲ့သည့် ၁၉၇၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဟုသတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဤနေ့၌ ကမ္ဘာ့ခရီးသွားနေ့ အခမ်းအနားများကို ကျင်းပကြသည်။
ခရီးသွားလုပ်ငန်းသည် လူတစ်ဦးချင်း စိတ်ပျော်ရွှင်လန်းဆန်းစေပြီး ဒေသန္တရဗဟုသုတရရှိစေသည့် လုပ်ငန်းသဘောသာမကဘဲ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ နားလည်မှုရရှိစေမှု၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လူ့အခွင့်အရေးကို လေးစားစေမှု၊ လူမျိုးရေးခွဲခြားမှုကင်းသည့် အခြေခံလွတ်လပ်ခွင့်ရရှိစေမှု၊ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် တန်းတူအခွင့်အရေးရရှိမှုတို့ကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)ကို စတင်ဖွဲ့စည်းခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်း ၅၀၀ ကျော်ပါဝင်ပြီး ၂၀၂၄ ခုနှစ်မှ စတင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ခရီးသွားလုပ်ငန်းမှတစ်ဆင့် မတူညီသည့်နိုင်ငံများ၊ လူမျိုးများ၏သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံများကိုသိရှိပြီး လေးစားလိုက်နာခြင်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်း၊ ကမ္ဘာ့နိုင်ငံများအချင်းချင်း ခရီးသွားလာမှုပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားအတွေ့အကြုံများမှတစ်ဆင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာဝပြောခြင်းတို့ကို တည်ဆောက်နိုင်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေးကိုအလေးထား၍ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတို့က အလေးထားဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ဖြစ်သဖြင့် နိုင်ငံများနှင့် လူ့အဖွဲ့အစည်းအားလုံးစုပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ခရီးသွားလုပ်ငန်းကို မြှင့်တင် ဆောင်ရွက်နေကြသည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးဝန်ဆောင်မှုလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့် စီးပွားရေးလုပ်ငန်းဖြစ်သည်။ စာရင်းဇယားများအရ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအနေဖြင့် ခရီးသည် စုစုပေါင်း သုညဒသမ ၅ ဘီလီယံ ကမ္ဘာတစ်ဝန်းလှည့်လည်သွားလာခဲ့ကြသည်။ ခရီးသွားလုပ်ငန်းများမှ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ ရရှိခဲ့သည်။ ခရီးသွားလုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ GDP တွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း သန်း ၃၃၀ ကို ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည်။ မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးစုပေါင်း တစ်ရာကျော် စုစည်းနေထိုင်ကြသည်။ အရှေ့တောင်အာရှတွင် မဟာဗျူဟာမြောက်ဒေသ၌တည်ရှိပြီး မပျက်စီးသေးသည့် ကမ်းခြေဒေသများ၊ မြင့်မားသည့်တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းမွန်သည့်လွင်ပြင်များ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ ထို့ပြင် ထူးခြားသည့် သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လူမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်နိုင်ရန် ဆွဲဆောင်နိုင်သော ထင်ရှားသည့်အရာများဖြစ်သည်။ ယမန်နှစ်ကာလများက ပြည်ပခရီးသွားဧည့်သည် နှစ်စဉ် တစ်သန်းကျော်ခန့် လာရောက်လည်ပတ်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးနှင့်အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းလျှင် ခရီးသွားလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်စို့” ဖြစ်ရာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။