Skip to main content

ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၅

ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်အတွင်း ငွေကျပ် ၂၉ ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၇ ကီလို သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြစ်မြစ်သုံးဆိုင် ရေပြင်အနီးတွင် ခင်မောင်လင်းနှင့် သက်ပိုင်ထူး(ခ)သက်ပိုင်တို့ကို သမ္ဗန်စက်လှေဖြင့် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၂၉ ဒသမ ၉၁ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို တင်ဆောင်ပေးသူ ကျော်စိုးမင်းအား ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းနေ့မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ကျော်သိန်းဦး(ခ)ကျော်ကြီးကို ပုဇွန်တောင် မြို့နယ်တွင်လည်းကောင်း၊ ဇော်မင်းနိုင်(ခ) ဇော်မင်းလတ်အား ရန်ကင်းမြို့နယ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။

စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အိုက်စ် (မက်သ် အဖက်တမင်း)များအား ကွမ်းခြံကုန်းမြို့နယ် ရန်ကုန်မြစ် မြက်စိမ်း ကျွန်းသို့ သဲစုပ်စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သူ မျိုးနိုင် (ခ)အကြီးကောင်အား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စက်လှေတစ်စင်းနှင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း)များကို သယ်ဆောင် ခိုင်းသူမှာ ကိုထွန်း (ခ) အောင်ကျော်စွာမြင့်(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မြို့ မြက်စိမ်းကျွန်းမှတစ်ဆင့် ပင်လယ်ဝသို့ စက်လှေဖြင့် ဆက်လက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်