နေပြည်တော် အောက်တိုဘာ ၁၇
မွေးရာပါအူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် (Gastroschisis with preterm low birth weight) အသက် လေးရက်သား မွေးကင်းစမိန်းကလေး Baby နန်းမွေဖောင်ကို စက်တင်ဘာ ၃၀ ရက်တွင် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၌ ပါမောက္ခ (ခွဲစိတ်) ဒေါက်တာ အောင်ခိုင်ဇံ၊ လက်ထောက်ဆရာဝန် ဒေါက်တာ ထက်အောင်ကျော်နှင့် ပါမောက္ခ (မေ့ဆေး) ဒေါက်တာဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့ကအူများကို ဝမ်းဗိုက်အတွင်း ပြန်လည် ထည့်သွင်းပေးသည့် ခွဲစိတ်ကုသမှု (Primary Closure)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အရေးပေါ်ယာယီကုသပေး
ကိုယ်ဝန်လမစေ့သေးသော်လည်း ရေမြွှာပေါက်ခြင်းကြောင့် အဆိုပါကလေးငယ်ကို စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ် တွင် ရှမ်းပြည်နယ် ခိုလမ်ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) ၌ အရေးပေါ် ရိုးရိုးမွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး မွေးဖွားချိန်တွင် ကလေးငယ်မှာ ကိုယ်အလေးချိန် (၂ ဒသမ ၂ kg) ရှိခဲ့ကြောင်း၊ ယင်းနေ့ည ၈ နာရီတွင် ခိုလမ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ လင်းထင်ကျော်နှင့်အဖွဲ့က ဝမ်းဗိုက်အပြင်ဘက် ရောက်ရှိနေသည့် အူများကို အရေးပေါ်ယာယီ ကုသမှုဆောင်ရွက်ပေးခဲ့ကာ စက်တင်ဘာ ၂၇ ရက်တွင် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးကောင်းမွန်
အဆိုပါ ကလေးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ခြင်းကြောင့် အောက်တိုဘာ ၃ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး အောက်တိုဘာ ၁၁ ရက်တွင် ရက်ချိန်းပြန်လည် ပြသစေခဲ့ရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်