Skip to main content

လမ်းပေါ်နေကလေးများပပျောက်ရေးကို အလေးထားဆောင်ရွက်ကြစေလို

နေပြည်တော် အောက်တိုဘာ ၁၇

နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက် ကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ကလေးလုပ်သားများ မရှိစေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေး၊ အသက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရန် စီမံဆောင်ရွက်ပေးရေးနှင့် လမ်းပေါ်နေကလေးများ ပပျောက်ရေးကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်