ဘားအံ အောက်တိုဘာ ၁၇
အခြေခံပညာကျောင်းများမှစ၍ ထူးချွန်ထက်မြက်သည့် အမျိုးသား/အမျိုးသမီး မျိုးဆက်သစ် လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသော ၂၀၂၂ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းနှင့် မြဝတီမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြဝတီမြို့နယ် ဘောလုံးအသင်းက လှိုင်းဘွဲမြို့နယ် ဘောလုံး အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီလှိုင်၊ ဒုတိယညွှန် ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကြက်ခြေနီတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့ကို ဂုဏ်ပြုဆုငွေများ၊ အမျိုးသား/ အမျိုးသမီး နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသော အမျိုးသား/ အမျိုးသမီး ဘောလုံးအသင်းများကို ငွေသားဆုများနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက ပထမဆုရရှိသည့် ဘားအံမြို့နယ် အမျိုးသမီး ဘောလုံးအသင်းအား ငွေသားဆုငွေကျပ် ၁၀ သိန်းနှင့် တံခွန်စိုက် ဆုဖလားတို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပထမဆုရရှိသော မြဝတီမြို့နယ် အမျိုးသားဘောလုံးအသင်းအား ငွေသားဆုငွေကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်