နေပြည်တော် အောက်တိုဘာ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြု သတ်မှတ်ခြင်းများ ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ဆရာစံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးနှင့် ဦးတင်မောင်ဆွေ၊ ပဲခူးတိုင်းဒေသကြီးနှင့် သာယာဝတီခရိုင် ရွေးကောက်ပွဲအရာရှိများ၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ မိုးညို၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီ၊ အုတ်ဖိုမြို့နယ်တို့မှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ၆၉ အုပ်စုမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကော်မရှင်အဖွဲ့ဝင်များက အမှာစကား ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲရုံတည်နေရာ သတ်မှတ်အတည်ပြုနိုင်ရေးနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်