Skip to main content

ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာသို့ ပို့ကုန်များ တိုးတက်တင်ပို့လျက်ရှိ

ရန်ကုန် အောက်တိုဘာ ၁၇

ယခုလမှစ၍ မုတ်သုံရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီသို့ စတင်ဝင်ရောက်ပြီ ဖြစ်သဖြင့် ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီး ပို့ကုန်များ တိုးတက် တင်ပို့လျက်ရှိနေကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်း၌ ယနေ့ ဆိုက်ကပ်ထားသည့် သင်္ဘောများမှာ ကုန်သေတ္တာတင် သင်္ဘော ၂ စီး၊ အထွေထွေကုန်စည်တင်သင်္ဘော ၁၅ စီး၊ စက်သုံးဆီသင်္ဘော ၅ စီးနှင့် စားသုံးဆီ သင်္ဘော ၁ စီးတို့ ပါဝင်ပြီး စုစုပေါင်းသင်္ဘော ၂၃ စီး ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာ အမျိုးမျိုး၊ အထည်အလိပ်၊ ဆေးနှင့်ဆေးပစ္စည်း၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်နှင့်ဆက်စပ်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ကော်စေ့ စသည်တို့ တင်သွင်းပြီး၊ ရေထွက်ကုန်၊ ချုပ်ပြီးအဝတ်အထည်၊ ကောက်ပဲသီးနှံထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရာဘာတို့ကို တင်ပို့လျက်ရှိရာ ယခုလ အောက်တိုဘာလတွင် ဝင်ရောက်ရန်လျာထားသည့် ကုန်သေတ္တာတင်သင်္ဘောများအနက် ယနေ့အထိ သင်္ဘောစီးရေ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။

မြန်မာ့ပို့ကုန် ဆန်နှင့် လယ်ယာထွက်ကုန် ကောက်ပဲသီးနှံများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ပမာဏများသော ပို့ကုန်များကို ကုန်သေတ္တာတင် သင်္ဘောများဖြင့်သာမက အထွေထွေကုန်စည်တင် သင်္ဘောများဖြင့် သင်္ဘောစင်းလိုက် ငှားရမ်း ပို့ဆောင်လျက်ရှိရာ ယနေ့တွင် အရှေ့တောင်အာရှနှင့် ဥရောပသို့ ဆန်တင်သင်္ဘော ၃ စီး၊ ပြောင်းဆန်တင်သင်္ဘော ၄ စီး အပါအဝင် အထွေထွေ ကုန်တင်သင်္ဘော ၁၅ စီးဖြင့် ကုန်ပစ္စည်းများ တင်ဆောင်လျက် ရှိပါသည်။

၎င်းအပြင် ပြည်သူများ သုံးစွဲရန် ဓာတ်မြေသြဇာများ၊ ဘိလပ်မြေများ၊ စက်ယန္တရားကြီးများ၊ စက်သုံးဆီနှင့် စားသုံးဆီများ တင်ဆောင်လာသော သင်္ဘောများမှာလည်း သီလဝါနှင့် ရန်ကုန်ဆိပ်ကမ်းများတွင် ဆိုက်ကပ်၍ ကုန်ချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုအနေဖြင့် ပွင့်လင်းရာသီ ရောက်သည်နှင့် ရေကြောင်း သယ်ယူပို့ဆောင်မှု ကောင်းမွန်လာကာ သင်္ဘောကြီးများ ပိုမိုဝင်ရောက်လာပြီး မြန်မာ့ထွက်ကုန်များကို နိုင်ငံတကာသို့ တိုးတက်ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။