Skip to main content

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကြည့်ရှုအားပေး

ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်ရှိ အမှတ် ၉ အခြေခံပညာမူလတန်းကျောင်း၊ တောင်ဥက္ကလာပမြို့နယ်(၁၃) ရပ်ကွက် မင်္ဂလာလမ်းရှိအမှတ် ၁၆ အခြေခံပညာမူလတန်းကျောင်းနှင့် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်းနှင့် အိုးစု ၃ လမ်းထောင့်ရှိ အမှတ်(၁၁) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မြက်ပင်ချုံနွယ်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းများပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းအဆောက်အအုံနံရံများ ရေညှိတက်နေမှုတို့ကို တိုက်ချွတ်ဆေးကြောခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေးအရှေ့ရပ်ကွက် သိမ်ဖြူလမ်း (၅)ခွဆုံသို့သွားရောက်၍ ဒေါ်သိန်းတင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းအကြား၊ သိမ်ဖြူလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းအတွင်းရှိ အမှိုက်၊ မြောင်းချေးများနှင့် သဲမြေများ ဆယ်ယူရှင်းလင်းခြင်း၊ ဖြတ်မြောင်းနှာပေါက်များအတွင်းရှိ အမှိုက်များ၊ သဲ၊ ခဲများရှင်းလင်းခြင်း၊ လမ်းတစ်လျှောက် အုပ်မိုးကိုင်းများခုတ်ထွင်ဖြတ်ညှိပုံသွင်းခြင်း ဆောင်ရွက်နေမှုနှင့်သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်