ကျိုက်ထို အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အား လမ်းညွှန်မှုများနှင့်အညီ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ကာ ကျင်းပလျက်ရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ (၇)လတိုင်တိုင် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဘုရားပွဲပိတ်ထားတယ်ဆိုတာမဟုတ်ပါဘူး၊ သီတင်းကျွတ်လပြည့်နေ့ကနေ ဒီနေ့ထိလည်း ဘုရားဖူးများလာရောက်ဖူးမြော်နေတဲ့အတွက် တောင်တက်ကားတွေလည်း ပုံမှန်ပြေးဆွဲနေသလို ထမင်းဆိုင်တွေ တည်းခိုဆောင်တွေလည်း ပုံမှန်ဖွင့်လှစ် နေပါတယ်” ဟု ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။
စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုများနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်၊ အောက်တိုဘာလ(၉)ရက်နံနက်ပိုင်းက ဗုဒ္ဓဘိသေကအနေကဇာတင်၍ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကျင်းပနေသည့်ကာလ၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိရာမှ အောက်တိုဘာလ (၁၂)ရက်၊ နံနက်ပိုင်းတွင် ကင်မွန်းစခန်းကျေးရွာ တောင်တက်မော်တော်ယာဉ်စခန်းကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ဘုရားဖူးပြည်သူများမှာ ထိတ်လန့်မှုများဖြစ်ခဲ့ကြရပြီး လူမှုကွန်ယက်စာမျက်နှာများ၌ ကျိုက်ထီးရိုးစေတီတော်ပွဲတော်ပိတ်သွားပြီဟူသည့် ကောလဟာလသတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။