Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ကျင်းပခဲ့သည့် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၄)နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၀၁)တို့၏ သင်တန်းဆင်းအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၄)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၁၀၁) တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။

သင်တန်းဆင်း အခမ်းအနားတွင် သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အား အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်က အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းသား စံပြဆုများကို သင်တန်းသား ဦးမြတ်သူအောင်၊ လက်ထောက် ညွှန်ကြားရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သင်တန်းသူ အမှတ်-၁၀၈ ဒေါ်နန့်ငြိမ်းမြတ်သူ၊ ဦးစီးအရာရှိ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကိုလည်းကောင်း၊ စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၁၀၁)၏ သင်တန်းသားစံပြဆု များကို သင်တန်းသား ဦးအောင် မြတ်ဟိန်း၊ အကြီးတန်းစာရေး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် သင်တန်းသူ ဒေါ်ဆုလပြည့်မွန်၊ အကြီးတန်းစာရေး၊ နိုင်ငံခြားရေး ၀န်ကြီးဌာနကိုလည်းကောင်း သင်တန်းသား၊ သင်တန်းသူ ပထမဆု၊ ဒုတိယဆု၊ သေနတ်ပစ်ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က နိုင်ငံ့၀န်ထမ်းများသည် အစိုးရကို တာဝန်ခံပြီး ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြရသူများ ဖြစ်တာကြောင့် မိမိတို့၏ လုပ်ရည်၊ ကိုင်ရည်နှင့်စွမ်းရည်တို့ကို မြှင့်တင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သရွေ့ အစွမ်းကုန်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူ၏ယုံကြည်ကိုးစားမှု ခံရသူများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တတည်းဟူသော စွမ်းရည်သုံးရပ် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အဂတိတရားကင်းစင်၍ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်သည့် ပြည်သူ့ဝန်ထမ်းများဖြစ်စေရန်နှင့် ပြည်သူအတွက် အပြည့်အဝဆောင်ရွက်ပေးမည့် အရင်းခံစိတ်ဓာတ်ထားရှိ နိုင်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။

သင်တန်းမှ ရရှိခဲ့သည့် အတွေ့အကြုံကောင်းတွေကို ဌာနအကျိုး၊ နိုင်ငံအကျိုးအတွက် အကောင်းဆုံး အသုံးချကြရန်၊ အဂတိတရားကင်းစင်၍ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်သော ပြည်သူ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရန်။ မိမိတို့၏လုပ်ငန်းတာဝန်များကို ရိုးသားကြိုးစားစွာ ထမ်းဆောင်ကြပြီး မိမိအလုပ်ကိုလည်း ချစ်မြတ်နိုးတန်ဖိုးထားကြရန်၊ ပြည်သူ့အကျိုးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရေး ကြိုးပမ်း ဆောင်ရွက် သွားကြရန်တိုက်တွန်းမှာကြားသည်။

အဆိုပါ အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ် (၄)သို့ သင်တန်းသား ၂၄၀ တက် ရောက်ခဲ့ပြီး စာရေး၀န်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၁၀၁) သို့ သင်တန်းသား၊ သင်တန်းသူ ၅၅၀ တက်ရောက် ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်တွင်း ဖွင့်လှစ်ဆဲ သင်တန်းများ၏ လေ့ကျင့်သင်ကြားမှုအခြေအနေများနှင့် တက္ကသိုလ်တွင် စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်