နေပြည်တော် အောက်တိုဘာ ၇
နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲပြီး ကျင်းပပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံး (ကျား)၊ ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား)၊ ဖူဆယ်(ကျား)၊ လွန်ဆွဲ(ကျား၊မ)၊ ထုပ်ဆီး တိုး(မ)၊ အပြေး(ကျား၊မ) ပြိုင်ပွဲများအဖြစ် အားကစားနည်း ခုနစ်နည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြောကြားသည်။
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီး ချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌ ကျင်းပရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ချစ်ကြည်စည်းလုံးစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်မည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်ကျင်းပပေးရခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း ဝင်ရောက် ယှဉ်ပြိုင်ကြ စေလိုကြောင်း၊ ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းအကြံပေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပြိုင်ပွဲနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများ၊ အသက်ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအနေအထားများ၊ သင်ကြားပြသပေးရန်အတွက် နည်းပြဆရာ လိုအပ်ချက်များနှင့် လေ့ကျင့် ရေးကွင်း/ရုံအသုံးပြုခွင့်များ၊ အသက်ကန့်သတ်ချက်များ၊ စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်အတည်ပြု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်