Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် မဲစာရင်းများ မှန်ကန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အခြေခံလူဦးရေစာရင်းများ စိစစ်ဆောင်ရွက်ကြရာတွင် မြို့နယ်အသီးသီး၌ ပြောင်းရွှေ့ဝင်ရောက် လာသူများ၊ ပြောင်းရွှေ့ထွက်ခွာ သွားသူများ၊ သေဆုံးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ရရှိပြီးဥပဒေနှင့်အညီ နေထိုင်သူများကိုစိစစ်၍ မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် အခြေခံရမည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့မှ လစဉ်တိုက်ဆိုင်စစ်ဆေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့၏ မဲစာရင်းများမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေ စာရင်းများကို ရယူအခြေခံပြီး ပြုစုရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး စိစစ်ပြီးသည့် အခြေခံမဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က လစဉ် Update ဆောင်ရွက်ရန်လိုအပ် ကြောင်း။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများမှာ ရွေးကောက်ပွဲကျင်းပ မည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် ပါဝင်ရန် ပုံစံ (၆၆/၆) ရှိကြရမည်ဖြစ်ပြီး ပုံစံ (၆၆/၆) ရှိသည့် မိမိနေထိုင် ရာဒေသ မဲစာရင်းတွင်ပါဝင်မည်ဖြစ်ကြောင်း၊ ပုံစံ(၆၆/၆)မရှိပါက မဲစာရင်းတွင် ပါဝင်မည်မဟုတ်သကဲ့သို့ မဲပေးခွင့်ရရှိမည် မဟုတ် ကြောင်း၊ ထို့အပြင် ဆန္ဒမဲပေးခွင့်ရရန် နိုင်ငံသားစိစစ်ရေးကတ်ရှိရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနများက မဲဆန္ဒရှင်ပြည်သူများ ပုံစံ(၆၆/၆)ရရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးတို့ကို ဥပဒေနှင့်အညီစိစစ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက အခြေခံမဲဆန္ဒရှင် စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စက်တင်ဘာလအထိ တင်ပြရာ -

၁။      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စိစစ်ချက်အရ

( က ) သေဆုံး၊ ပြောင်းထွက်၊ ၂ ကြိမ်ထပ် ၊ ၃ ကြိမ်ထပ် တို့မှ လျော့သည့်ဦးရေ ၃၄၃၂ ဦး၊

( ခ )   နိုင်ငံသားစိစစ်ရေးကတ်ဖြည့်သွင်းမှု ၂၂၅ ဦး၊

( ဂ )   အခြားမြို့နယ်မှ ပုံစံ ( ၆၆/၆ ) အသစ်ပြောင်းဝင်ဦးရေ ၃၀၁ ဦး၊

(ဃ)    မြို့နယ်အတွင်း ပုံစံ ( ၆၆/၆ ) အသစ်ထပ်တိုး ဦးရေ ၃၆၉ ဦး၊

( င )   လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ကျန်စာရင်း မှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးဦးရေ ၃၉၄၁ ဦး၊

၂။      အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စိစစ်ချက်အရ  

(က)    မြေပြင်တွင် ထပ်တိုး

( ၁ )   ပုံစံ ( ၆၆/၆ ) ရှိသူ - ၂၃၀၆၉ ဦး၊

( ၂ )    ပုံစံ ( ၆၆/၆ ) အခြားတွင်ရှိသူ ၁၉၀၆ ဦး၊

( ၃ )   ပုံစံ ( ၆၆/၆ ) မရှိသူ ၇၉၄ ဦး

စုစုပေါင်း ၂၅၇၆၉ ဦး၊

(ခ)     မြေပြင်တွင်လျော့သည့် ဦးရေ

( ၁ )   ပုံစံ ( ၆၆/၆ ) ရှိသူထဲမှ ၃၉၀၃ ဦး၊

( ၂ )    ပုံစံ ( ၆၆/၆ ) အခြားတွင်ရှိသူ ၈၃၂ ဦး၊

( ၃ )   ပုံစံ ( ၆၆/၆ ) မရှိသူ ၈၃၈ ဦး

စုစုပေါင်း ၅၅၇၃ ဦး ရှိကြောင်း၊

မဲရုံတည်နေရာနှင့် မဲရုံအရေအတွက်လျာထားမှု ၆၅၃ ရုံ လျာထား သတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့ကို တင်ပြဆွေးနွေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးက လူဦးရေစာရင်းများ စိစစ်ဆောင်ရွက် နေမှုနှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေတာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က ရှေ့ပြေးစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ စုစုပေါင်းလူဦးရေစာရင်း ၁၅၀၀၂၇၆ ဦးတွင် စိစစ်လိုက်သောအခါ မြေပြင်တွင်နေထိုင်သည့်လူဦးရေ ၉၉၅၃၂၉ ဦး ဖြစ်ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုံစံ ( ၆၆/၆ ) ဖြင့် မှတ်ပုံတင်ရှိပြီး ဥပဒေနှင့်အညီ နေထိုင်သူ ၈၉၇၃၅၂ ဦး ဖြစ်ကြောင်း စက်တင်ဘာလကုန် စိစစ်ချက်အရ မြေပြင်တွင်နေထိုင်သည့် လူဦးရေ ၁၀၁၆၇၁၀ ဦးတွင် ဥပဒေနှင့်အညီ နေထိုင်သူ ၉၁၇၀၄၃ ဦး ဖြစ်သဖြင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ အိမ်ထောင်စုဇယား ပုံစံ (၆၆/၆) များပြောင်းရွှေ့လာသောကြောင့် လူဦးရေစာရင်း တိုးခဲ့ခြင်းဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဝန်ထမ်းများအများစု နေထိုင်ကြပါကြောင်း၊ ရွေးကောက်ပွဲ ဥပဒေနှင့်အညီ မဲပေးခွင့်ရရှိရန် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယား ပုံစံ(၆၆/၆) ရှိရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် အိမ်ထောင်စုဇယားပုံစံ (၆၆/၆) များပြောင်းရွှေ့ရန် ညွှန်ကြားချက်အရ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ပုံစံ(၆၆/၆)များ ပြောင်းရွှေ့ဝင်ရောက်လျက်ရှိကြောင်း၊ ထိုသို့ပြောင်းရွှေ့ရာတွင် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးရန် မှာကြားထားပါကြောင်း ရှင်းလင်း တင်ပြသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်မှုလုပ်ငန်း အောင်မြင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြသည်။ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်