စစ်တွေ အောက်တိုဘာ ၇
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ရခိုင်ပြည်နယ်မှ သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
အောင်မြင်မှုရရှိအောင် ကြိုးစားအားထုတ်
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ဗဟိုအဆင့် ပြိုင်ပွဲဝင်နိုင်ရန်အတွက် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် အရည်အချင်း ပြည့်ဝသော ပြိုင်ပွဲဝင်များကို ရွေးချယ်ပေးထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ရခိုင်ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်ရေးအတွက် အောင်မြင်မှုရရှိအောင် အားလုံးကြိုးစား အားထုတ်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပြိုင်ပွဲဝင်များသည် ရခိုင်ပြည်နယ်အတွက် ကိုယ်စားပြုပြီး မြို့နယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြသူများ ဖြစ်သဖြင့် ညီအစ်ကို မောင်နှမသဖွယ် စည်းစည်းရုံးရုံး နေထိုင်ကြကာ အခက်အခဲရှိပါကလည်း တစ်ဦးနှင့်တစ်ဦး ဖေးမကူညီရိုင်းပင်း နေထိုင်သွားကြရန် မှာကြားလိုကြောင်း၊ နေပြည်တော် သို့ရောက်ရှိသည့်အခါ ကျန်းမာရေး ဂရုစိုက်ကြရန်၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားကြရန် မှာကြား လိုကြောင်း၊ ပြိုင်ပွဲကာလ တစ်လျှောက်တွင်လည်း ကျန်းမာရေးကို အထူးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွက် ပြိုင်ပွဲဝင်များကို အနီးကပ် သင်ကြားပြသပေးခဲ့သည့် နည်းပြဆရာ၊ ဆရာမများကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် အဆင့်(၅)ရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း ရခိုင်ပြည်နယ်အတွက် ရွှေတံဆိပ်များများစွာ ဆွတ်ခူးနိုင်ကြပြီး ရခိုင်သားဆိုလျှင် အစွမ်းဖော်ပါဆိုသည့်အတိုင်း ရခိုင်ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်သော သားကောင်းသမီးရတနာ ပြိုင်ပွဲဝင်များ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးထံ အောင်နိုင်ရေးအလံပေးအပ်ပြီး ပြည်နယ် လူမှုရေးရာဝန်ကြီးက အောင်နိုင်ရေး ကတိပြုစကား ပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က မယိမ်တက်ယိမ်းအက၊ ပြိုင်ပွဲဝင်များက မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ် ဇာတိဂုဏ်သီချင်းများ၊ တစ်ဦးချင်းအကတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ သီဆိုကပြဖျော်ဖြေကြသူများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်များအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကြကာ ပြိုင်ပွဲဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်