မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference – 2022) ကို အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်တွင်း ဆန်ရိက္ခာဖူလုံပိုလျှံပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် စပါးစိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်မှုဖြစ်စေရေး ထိထိရောက်ရောက်ကြိုးပမ်းကြရန် အရေးကြီးကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး ဆန်စပါးကို အဓိက သီးနှံအဖြစ် စိုက်ပျိုးသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန်စပါးကို တောင်သူလယ်သမားများက အဓိကအများဆုံး စိုက်ပျိုးကြပြီး တစ်ချိန်သောကာလက မြို့ပြများ ပတ်ဝန်းကျင်များနှင့် ကျေးလက်ဒေသအနှံ့တွင် ရာသီအလိုက် စိမ်းစိုသော စပါးခင်းများ၊ ရွှေဝါရောင်လယ်ကွင်းများ တစ်မျှော်တစ်ခေါ် ရှုမျှော်မဆုံးရှိခဲ့သည့် ဆန်စပါးကို တန်ဖိုးထားသော နိုင်ငံဖြစ်သည်။ မြန်မာ့ဆန်သည် အရည်အသွေး ကောင်းမွန်သဖြင့် နိုင်ငံတကာက ကြိုက်နှစ်သက်ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီကာလက ပြည်ပသို့ ဆန်တင်ပို့မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာသို့ ဆန်အများဆုံးတင်ပို့သောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်ရေးရရှိပြီးသောအခါ ပြည်ပသို့ ဆန်တင်ပို့မှု တဖြည်းဖြည်း လျော့နည်းကျဆင်းလာပြီး ၂၀၀၁-၂၀၀၂ ခုနှစ်မှစတင်၍ ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည်တိုးတက်လာခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်းကို နိုင်ငံ ၆၄ နိုင်ငံအထိ တင်ပို့နိုင်ခဲ့သည်။ ယခုဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ဆန်တန်ချိန် ငါးသိန်းကျော်နှင့် ဆန်ကွဲတန်ချိန် ၈ ဒသမ ၆ သိန်း ကျော်ကို နိုင်ငံ ၃၈ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက ကမ္ဘာ့အလယ်တွင် ဆန်အများဆုံး တင်ပို့သောနိုင်ငံအဖြစ် မှတ်တမ်းတင်ခံရပြီးဖြစ်သည့်အတွက် ယင်းအခြေအနေကို ပြန်လည်ရောက်ရှိအောင် ဆန်စပါးနှင့် သက်ဆိုင်သည့် လုပ်ငန်းများအားလုံးက တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်သည်။ ဆန်အရည်အသွေး ကောင်းမွန်ရေးသည် ပြည်ပသို့ဆန်တင်ပို့ရာ၌ အရေးပါပြီး ပေါင်းဆန်တင်ပို့မှုတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ မှ ၅၀၀ ကျော်အထိ ဈေးရရှိသည်ကို တွေ့ရသည်။ ယခု ခြောက်လပတ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈ ဒသမ ၆ သိန်း တင်ပို့ခဲ့ရာတွင် ပေါင်းဆန် ငါးရာခိုင်နှုန်း၊ ဆန်ကွဲ ၄၂ ရာခိုင်နှုန်းနှင့် ပုံမှန်ဆန် ၅၃ ရာခိုင်နှုန်း တင်ပို့နိုင်သည့်အတွက် အလားအလာကောင်းများရှိနေပြီး ပြည်တွင်း ဆန်ထုတ်လုပ်မှုတိုးတက်ရေး၊ အရည်အသွေး မြင့်မားရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်သည်။ မြန်မာ့ဆန်ကို ယခင်က အာဖရိက၊ ဥရောပသို့ အများအပြားတင်ပို့ရာမှ ယခုအခါ အာရှဈေးကွက်သို့ ပြောင်းလဲလာခဲ့သည်။
၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်းစပါးစိုက်ဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၄ သန်း စုစုပေါင်းစိုက်ဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့သည်။ တိုင်းပြည်၏ အဓိကသီးနှံရည်မှန်းချက်ဖြစ်သည့် စပါးအထွက်နှုန်း တစ်ဧကတင်း ၁၀၀ ထွက် ရှိရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
ပြည်ပသို့ ဆန်ပိုမိုတင်ပို့နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ နိုင်ငံတကာ ဈေးကွက်အခြေအနေတို့ကိုလည်း မျက်ခြည်မပြတ် လေ့လာသုံးသပ်ပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် ပိုလျှံမှုကို ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊ အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုထုတ်လုပ်ပြီး တင်ပို့ရောင်းချရေးကို ကြိုးပမ်း ဆောင်ရွက်ကြကာ “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းကြပါစို့”ဟု တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။ ။