Skip to main content

မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ (Myanmar Rice Conference – 2022) အောင်မြင်စွာ ကျင်းပပြီးစီး

 

နေပြည်တော် အောက်တိုဘာ ၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကျင်းပသော မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ ဒုတိယနေ့အဖြစ် ယနေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(ဗဟိုဌာန-၂)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးဝန်ကြီးများ၊ ဆန်စပါးကဏ္ဍမှ ပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ဆန်စပါးညီလာခံ၏ ဆွေးနွေးပွဲများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆန်စပါးစိုက်ပျိုးရေးနှင့် မျိုးစေ့ထုတ်လုပ်မှုနှင့် ပတ်သက်သည့်စာတမ်းများ ကိုလည်းကောင်း၊ ဆန်စပါးဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲခြင်းနှင့် တန်ဖိုးမြှင့်တင် ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းများကိုလည်းကောင်း ဖတ်ကြားခဲ့ကြပြီး စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်များတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် လက်တွေ့စပါးစိုက်ပျိုးနေသည့် တောင်သူလယ်သမား ကိုယ်စားလှယ်များက လက်ရှိဆောင်ရွက်နေမှု၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆန်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရမှ ပံ့ပိုးကူညီပေးစေလိုသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆန်စပါးကုန်သွယ်မှုနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ခေတ်အဆက်ဆက် မြန်မာ့ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအ‌ခြေအနေများ၊ ဆန်စပါးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏အခန်းကဏ္ဍများ၊ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy)နှင့် ဆန်စပါးကဏ္ဍဆိုင်ရာ ပို့ကုန်မဟာဗျူဟာတို့နှင့် စပ်လျဉ်းပြီး လက်တွေ့တာဝန်ယူ ဆောင်ရွက်နေသည့် ဌာနများမှ အကြီးတန်းအရာရှိများက စာတမ်းများ ဖတ်ကြားတင်ပြကြသည်။ အဆိုပါစာတမ်းများနှင့် ဆက်စပ်ပြီး သုံးသပ်ဆွေးနွေးခြင်းနှင့် စကားဝိုင်း ဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ရာ အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြပြီး အကြံပြုချက်များ တင်ပြခဲ့ကြသည်။

“နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့” ဟူသောခေါင်းစဉ်ဖြင့် အောက်တိုဘာ (၆) ရက်မှ (၇) ရက်အထိ ၂ ရက်ကြာကျင်းပခဲ့သည့် မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂ သို့ သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

ညီလာခံကျင်းပသည့် ၂ ရက်အတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှုများမှ ပြည်နယ်/တိုင်းဒေသကြီးများအလိုက် ဒေသနှင့်ကိုက်ညီပြီး စျေးကွက်ကြိုက်နှစ်သက်သည့် မျိုးကောင်း မျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးသွားရေး၊ တောင်သူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဓာတ်မြေသြဇာများ ဝယ်ယူရရှိနိုင်ရေး၊ အရည်အသွေးပြည့်မီသော ဆန်များတင်ပို့နိုင်ရေးအတွက် ဆန်စက်များ အဆင့်မြှင့်တင်ရေး၊ ပြောင်းလဲနေသော ပို့ကုန်စျေးကွက်နှင့်ကိုက်ညီသည့် အမျိုးသားပို့ကုန်မဟာဗျူဟာကို ပြန်လည်သုံးသပ် အကောင်အထည်ဖော်သွားရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ပြည်ပသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းကို အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့် အချက်များအပါအဝင် အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် သွားရမည့် သုံးသပ်ချက်များကို ဖော်ထုတ်ရရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ညီလာခံအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်