Skip to main content

Yangon Water Bus ပြန်လည်ပြေးဆွဲ

ရန်ကုန် အောက်တိုဘာ ၆

ကိုဗစ်ကာလနောက်ပိုင်း ယာယီရပ်နားခဲ့သည့် Yangon WaterBus ယနေ့နံနက်ပိုင်းတွင် လမ်းသစ်ဆိပ်ကမ်းမှ ဒလမြို့နယ်တစ်ဖက်ကမ်းရှိ ဆာဖာချောင်သို့ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

“အခုအချိန်မှာတော့ ဗိုလ်တထောင်ကနေ အင်းစိန်အထိ ပြေးဆွဲတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ လူအများဆုံးစီးတဲ့ နေရာကနေပတ်ပြီးတော့ Yangon Water Bus ကိုပြေးဆွဲမှာဖြစ်ပါတယ်။ ပထမဆုံးက ဝန်ထမ်းအများဆုံးရှိတဲ့ ဆာဖာချောင်ကနေပြီး လမ်းသစ်၊ လမ်းသစ်ကနေ ဆိပ်ကြီးခနောင်တိုဘက်ကိုပါ ဆက်ပြီးတိုးချဲ့ပြေးဆွဲရန် စဉ်းစားထားတယ်။ နောက်ပြီး ဗိုလ်တထောင်ဘက်ကိုလည်းဆက်ပြီး တိုးချဲ့မယ်။ ဒါပေမယ့် ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် ငါးနေရာလောက်ကို ထပ်ပြေးဆွဲဖို့လည်း လုပ်ထားပါတယ်။ အခုပထမဦးဆုံးစဖွင့်တဲ့အနေနဲ့ လမ်းသစ်ကနေ ဆာဖာချောင်ကိုပြေးဆွဲမယ်။ နောက်နေ့ကျရင် ဆိပ်ကြီးခနောင်တိုဘက်ကိုပါ ပြေးဆွဲဖို့လုပ်ထားပါတယ်” ဟု Yangon Water Bus ၏ Founder CEO ဖြစ်သူ ဒေါ်တင့်တင့်လွင်က ပြောသည်။

Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် လတ်တလောရေယာဉ်နှစ်စင်းဖြင့် ပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး ယာဉ်စီးခနှုန်းထားမှာ ငွေကျပ် ၅၀၀ သတ်မှတ်ထားသည်။ အဓိကကတော့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ရည်ရွယ်တဲ့အတွက် ကျောင်းသားတွေကို မနက် ၆ နာရီခွဲလောက်ကနေစပြီးတော့ ပြေးဆွဲမယ်။ ဝန်ထမ်းတွေအတွက် လည်း ဝန်ထမ်းချိန်ပြီးတဲ့အထိ ၉ နာရီခွဲနောက်ပိုင်းအထိကို ပြေးဆွဲပေးမယ်။ ကျွန်မတို့သင်္ဘောကို နေ့လယ်ပိုင်းမှာခဏရပ်ပါမယ်။ ညနေပိုင်းမှာဆိုရင် ရုံးဆင်းချိန် ၄ နာရီခွဲဝန်းကျင်လောက်မှာ ပြန်ပြီးတော့ ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ညနေပိုင်းမှာလည်း Sunset အနေနဲ့ ပြေးဆွဲဖို့ စီစဉ်ထားပြီး စနေ၊ တနင်္ဂနွေမှာလည်း တွံတေးခရီးစဉ်ကို ပြေးဆွဲသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Sunset ခရီးစဉ်ကို ငွေကျပ် ၅၀၀၀ နှင့် တွံတေးခရီးစဉ်ကို ငွေကျပ် ၁၈၀၀၀ သတ်မှတ်ထားပြီး လူ ၁၀၀ ကျော်သာလက်ခံ၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် Sunset ရေယာဉ်ကိုပါ ထည့်သွင်းပြေးဆွဲကာ အများပြည်သူရုံးပိတ်ရက်များတွင်လည်း Sunset နှင့် တွံတေးခရီးစဉ်ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ Yangon Water Bus ရေယာဉ်ခရီးစဉ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၆ ရက်တွင်စတင်ပြေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ရောဂါနောက်ပိုင်း ခေတ္တရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အာကာလင်း