နေပြည်တော် အောက်တိုဘာ ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ သီတင်းကျွတ်ပွဲတော်ကာလအတွင်း အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်၌ ညဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဒုတိယအကြိမ်ကျင်းပတဲ့ ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်မှာ ထိုင်း၊ တရုတ်၊ မြန်မာအစားအစာ၊ ပင်လယ်စာ၊ အထောင်းမျိုးစုံ စတဲ့အစားအစာတွေအပြင် မီးရောင်စုံလင်းတဲ့ အရုပ်အရောင်းဆိုင်တွေအပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချပေးသွားမှာ ပါ။လာရောက်လည်ပတ်ကြတဲ့ ပြည်သူတွေ အမှတ်တရဓာတ်ပုံရိုက်လို့ရမယ့် နောက်ခံဒီဇိုင်းတွေ၊ မီးရောင်စုံနဲ့ပြုလုပ်ထားတဲ့ အရုပ်တွေနဲ့ PhotoBooth တွေ ပါဝင်ပါတယ်။ သီတင်းကျွတ် ပွဲတော်ကာလမှာရေပန်းဥယျာဉ် ညဈေးက ရောင်စုံမီးတွေနဲ့ လှပတဲ့ ညဖြစ်မှာမို့ လာရောက်အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု နေပြည်တော်ရေပန်းဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော်ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်ကျင်းပမည့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက် အထိ နိုင်ငံကျော်တေးသံရှင်များ က DJ ၊ Band အဖွဲ့များနှင့်အတူ ညနေ ၆ နာရီမှစတင်၍ ည ၉ နာရီ အထိသီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဈေးရောင်းပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသူများအနေဖြင့် နေပြည်တော် ရေပန်းဥယျာဉ်ဝင်ကြေးအဖြစ် ၅ နှစ်နှင့်အထက် ကလေးတစ်ဦးနှင့် လူကြီးတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ စီ ကျသင့်မည်ဖြစ်ပြီး ငါးနှစ်အောက်ကလေးများကို အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းမင်းစိုး