နေပြည်တော် အောက်တိုဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၈-၁၀-၂၀၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၁) တွင် သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ဘွားဘွားရှိရာ ကျေးရွာလေးသို့ အလည်အပတ်သွားရောက်ခဲ့သော မေပြည့်၏အတွေ့အကြုံများနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “သီတင်းကျွတ်ပွဲတော်” မျက်နှာဖုံးကာတွန်း၊ သီတင်းကျွတ်ပွဲတော်အကြောင်းနှင့် ပွဲတော်ဖြစ်ပေါ်လာပုံ၊ ဆီမီးပူဇော်ပုံတို့အကြောင်းကို ဗဟုသုတရဖွယ် တင်ဆက်ထားသည့် “ဝါလကင်းလွတ်သီတင်းကျွတ်” သုတဆောင်းပါး၊ သီတင်း ကျွတ်လပြည့်နေ့၌ မိဘများကို မိမိစုထားသည့် မုန့်ဖိုးများနှင့် မုန့်များဝယ်ကာ ကန်တော့ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်နေသော လင်းသစ်အကြောင်းကို တင်ဆက်ထားသည့် “လင်းသစ်၏ဝါလကင်းလွတ် သီတင်းကျွတ်” နှစ်မျက်နှာကာတွန်း။
ကျောင်းအားချိန်တွင် ကစားလိုက်၊ တီဗွီကြည့်လိုက်၊ အစားစားလိုက်ဖြင့် အချိန်ကုန်နေသော မြေးတို့ကို စာကြိုးစားရန်နှင့် စာကြိုးစားခြင်းဖြင့် ရရှိလာမည့် အကျိုးနှင့် အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ဆုံးမစကားပြောသော အဘိုးအကြောင်းကို ရေးဖွဲ့ထားသည့် “ပညာရှိကို အစဉ်တွဲလို့” ဝတ္ထုကဏ္ဍ၊ အစားအသောက်များကို မဆင်မခြင်စားမိ၍ ဒုက္ခရောက်ရသော ကိုစံပြူးအကြောင်းကို ရေးဖွဲ့ထားသည့် “ကိုစံပြူးပါဝင်သည့် အလှူငွေ” တစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာထား၍ မိမိ၌ ချမ်းသာသုခများရရှိနိုင်ပုံကို တင်ဆက်ထားသည့် “စိတ်ကောင်းမွေးတဲ့ မောင်သာအေး” ပုံပြင်ကဏ္ဍ။
ရုပ်ပုံလေးထဲတွင် မုန်လာဥနီ စားချင်သော ယုန်ကလေးဖြူဖွေးကို မုန်လာဥနီရှိသော နေရာသို့ လမ်းညွှန်ပြသနိုင်မည့် “ဉာဏ်စမ်း” ကဏ္ဍ၊ မိမိမကျွမ်းကျင်သည့် ဘာသာရပ်ကို တတ်ကျွမ်းချင်ယောင်ဆောင်ကာ ဆောင်ရွက်ပါက ဒုက္ခနှင့် ကြုံတွေ့နိုင်ကြောင်းကို တင်ဆက်ထားသည့် “အာတူးနှင့် လိပ်ပု” နှစ်မျက်နှာကာတွန်း၊ မိမိလိုချင်သောအရာကို ကလေးအတွေးဖြင့် ရယူလိုသော ရဲရင့်ဖြိုးအကြောင်းကို တင်ဆက်ထားသည့် “အမွှေလေး ရဲရင့်ဖြိုး” နှစ်မျက်နှာကာတွန်း၊ ဝါကျတစ်ကြောင်းနှင့် တစ်ကြောင်းကို ဆက်သွယ်သည့် (Conjunction)များကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သားနိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်