Skip to main content

အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းနှင့် အာဖရိက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး ပူးတွဲညီလာခံနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားစီရင်ရေး ကမ္ဘာ့ညီလာခံ (၅) ကြိမ်မြောက် ညီလာခံကျင်းပ

နေပြည်တော် အောက်တိုဘာ ၆

အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC)နှင့် အာဖရိကဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားစီရင်ရေး (CCJA)ပူးတွဲညီလာခံကို အောက်တိုဘာ ၄ ရက်က စတင်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Online မှ တက်ရောက်ခဲ့သည်။

အဆိုပါ ပူးတွဲညီလာခံကို “PromotingAsian-African Cooperation for the Protection of People’sFundamental Rights” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပူးတွဲညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ(၁၆)နိုင်ငံနှင့် CCJA အဖွဲ့ဝင်နိုင်ငံ(၂၉) နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံး/ ခုံရုံး/ ကောင်စီများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ တက်ရောက်ကြပြီး AACC အဖွဲ့ဝင်နိုင်ငံများနှင့် CCJA အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေပညာရှင်များက စာတမ်းများဖတ်ကြား၍ အသိအမြင်နှင့် အတွေ့အကြုံဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

ထို့အတူ အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး ကမ္ဘာ့ညီလာခံအသင်း (WCCJ)၏ (၅)ကြိမ်မြောက်ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းမှတစ်ဆင့် ဆက်လက်တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံကို“Constitu-tionalJusticeandPeace” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ WCCJ အဖွဲ့ဝင် နိုင်ငံပေါင်း ၉၈ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး/ ခုံရုံး/ ကောင်စီတို့၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဖိတ်ကြားထားသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေ ပညာရှင်များတက်ရောက်ကြပြီး အသိအမြင် အတွေ့အကြုံဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်