နေပြည်တော် အောက်တိုဘာ ၆
KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များနှင့် စီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဘာသာရပ် သင်ကြားရေးအဖွဲ့ (Board of studies) ဆော်ဩသူပါမောက္ခများအား KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက် ရေးဆွဲနိုင်ရေးအတွက် အသေးစိတ် ဆွေးနွေး ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ မူရင်း သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပေးခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများရှိပါကလည်း ဖိတ်ခေါ်ဆွေးနွေး တိုင်ပင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စသည်ဖြင့် နှစ်အလိုက် သင်ရိုးညွှန်းတမ်းများ ဆက်စပ် ချိတ်ဆက် သင်ကြားနိုင်ရန် လိုအပ်ပါကြောင်း၊ အချို့သင်ရိုးများမှာ အနည်းငယ်သာ ပြုပြင်ရခြင်း၊ အဆင့်မြှင့် ဆောင်ရွက်ရခြင်းများ ရှိနိုင်ပါကြောင်း၊ ဘာသာရပ် တစ်ခုစီ၏ အရည်အသွေး တိုးတက်မှသာ ဘာသာရပ်များအားလုံး တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်၍ အားလုံးဝိုင်းဝန်းကာ ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြစေ လိုပါကြောင်း၊ နိမ့်ကျနေသည့် ပညာရေးကို ကုစား မြှင့်တင်ပေးနိုင်ရေးအတွက် အခြေခံကျကျ လမ်းကြောင်းအမှန်ကို ဝိုင်းဝန်းပူးပေါင်း၍ ရှာဖွေ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)