Skip to main content

ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချ

နေပြည်တော် အောက်တိုဘာ ၅

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်း စားနပ်ရိပ်က္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ အောက်တိုဘာ ၃ ရက်မှ ယနေ့အထိ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်သုံးမြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်များအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လေးမြို့နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများ စသည့် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်