Skip to main content

တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် လူဦးရေစာရင်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လစဉ် Update ဖြစ်အောင် ဆောင်ရွက်ရမည်

နေပြည်တော် အောက်တိုဘာ ၅

လာမည့်ရွေးကောက်ပွဲကို စနစ်တကျရှိပြီး အများယုံကြည်လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် အဘက်ဘက်မှ ကြိုတင်မျှော်တွေး စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကော်မရှင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲအရာရှိများကို မှာကြားသည်။

ယနေ့ကျင်းပသည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် ရေးနှင့် မဲရုံများ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ထိုသို့မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ် (၁)အရ မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် (၅)အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း။

သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မိမိတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး စသည့် လူဦးရေစာရင်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လစဉ် Update ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မဲရုံနေရာချထားမှုများ၊ မဲရုံသုံးပစ္စည်းများ ဖြည့်ဆည်းခြင်းနှင့် လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မိမိတို့၏ ဝန်ထမ်းများကို စုဖွဲ့ခြင်း၊ ဖြည့်တင်းခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် တာဝန်ရှိသူများက မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်နေမှု၊ မဲရုံများ လျာထားသတ်မှတ်နိုင်ရေး၊ မဲရုံသုံးပစ္စည်းများ ဖြည့်တင်းနိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြကြောင်းနှင့် ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်