နေပြည်တော် အောက်တိုဘာ ၅
အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် ခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းခဲ့သည့် “အမျိုးသားမြေအသုံးချမှုကောင်စီ” ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ယခင်ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ကောင်စီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် (၂၆၁၂၂၈) စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အရှေ့တောင်အာရှဒေသအတွင်း ဧရိယာအကျယ်အဝန်း ဒုတိယအကျယ်ဆုံးဖြစ်ကြောင်း၊ မြေသယံဇာတနှင့် ရေသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့် ရာသီဥတုအခြေအနေနှင့် ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း။
မြေသယံဇာတအရင်းအမြစ်များသည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်များ ဖြစ်သော်လည်း အခြားသယံဇာတ အရင်းအမြစ်များနှင့်မတူသည့်အချက်မှာ တိုးပွားအောင်လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သဘာဝသယံဇာတအရင်းအမြစ်များဖြစ်သည် ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေတိုးပွားလာမှုနှင့် မြေဆီလွှာယိုယွင်း ပျက်စီးမှုတို့ကြောင် ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ ၀ ဒဿမ ၁၈ ဟက်တာခန့်သာ ရှိကြောင်း၊ အဆိုပါအခြေအနေကို ၁၉၆၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် လက်ရှိထက် ထက်ဝက်ခန့် ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း။
မြေသယံဇာတအရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံးသဘာဝ သယံဇာတ အရင်းအမြစ်များဖြစ်ပြီး စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင် အခြားဂေဟစနစ် ဝန်ဆောင်မှုများကို မြေသယံဇာတအရင်းအမြစ်များက ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း၊ မြေသယံဇာတအရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ကြောင်း။
Intergovernmental Panel on Climate Change- IPCC အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှု ပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော ၂၀၀၈ ခုနှစ် သမိုင်းဝင် နာဂစ်မုန်တိုင်းအပြင် နိုင်ငံတကာအသိုင်းအဝိုင်းများ၌ နေ့စဉ်နှင့် နီးပါးအမျှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံအနှံ့ အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်းခံရခြင်း အစရှိသည့် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွား ပျက်စီးဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့လတ္တံ့ဖြစ်ကြောင်း၊ ယခုကဲ့သို့သော သဘာဝလွန်ဘေး အန္တရာယ်များကြောင့် မိမိတို့နိုင်ငံသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက် တတိယအဆင့်တွင် ရပ်တည်နေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ကြောင်း။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက Agenda 2030 ဖြစ်သည့် ဖွံ့ဖြိုးမှုစီမံချက်ကို သဘောတူညီလက်ခံခဲ့ကြောင်း၊ အဆိုပါ Agenda 2030တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက် (၁၇)ခုပါဝင်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက် အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့်ဆက်နွယ်နေပြီး ရည်မှန်းချက်အမှတ်စဉ် ၁၅ သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေးတို့ဖြစ်ပြီး မြေယာစီမံခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀ ခုနှစ်)၏ မဟာဗျူဟာရည်မှန်းချက် ၅ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံး ရရှိခံစားစေရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့် စီမံခန့်ခွဲမှုတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖော်ပြထားကြောင်း။
ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး၊ Agenda 2030 ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ရေရှည်တည်တံ့ပြီး စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေးသည် အထူး လိုအပ်လျက်ရှိကြောင်း။
နိုင်ငံ၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှု မူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ မူဝါဒရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့်ရေးဆွဲခဲ့ပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကုလသမဂ္ဂက အတည်ပြုလက်ခံထားသည့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ကိုင်ခွင့်စီမံခန့်ခွဲရာတွင် လိုက်နာသင့်သည့် လမ်းညွှန်ချက်များကို ကိုးကားရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
အမျိုးသားမြေအသုံးချမှုမူဝါဒ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုဟု ဆိုနိုင်သော်လည်း စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသား မြေအသုံးချမှုမူဝါဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း။
ယခုအခါ အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၅/၂၀၂၁အရ လုပ်ငန်းတာဝန် (၁၀)ရပ်ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း။
အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများသဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ မြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ မြေအသုံးချမှုဆိုင်ရာနည်းပညာ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီနှင့် အဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြု လုပ်ငန်းကော်မတီနှင့်အဖွဲ့များ၏ အတွင်းရေးမှူးများပါဝင်သော အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူးများအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။
၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်တွင်ကျင်းပခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးကိစ္စရပ်နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ၊ မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်များနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြေအသုံးချမှုကော်မတီများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံများကို အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းရန်ဆိုသည့် ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှုများကို အမျိုးသား မြေအသုံးချမှုကောင်စီ အတွင်းရေးမှူး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ခေါင်းဆောင်များက ရှင်းလင်းတင်ပြပေးကြရန်ဖြစ်ကြောင်း၊ ထို့အတူ သက်ဆိုင်ရာ ကောင်စီအဖွဲ့ဝင်များအနေဖြင့် မြေအသုံးချမှု စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်နေသည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ရှင်းလင်းတင်ပြပေးကြရန် ဖြစ်ကြောင်း။
အမျိုးသားမြေအသုံးချမှုကောင်စီ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။ သို့မှသာ မြန်မာနိုင်ငံ၏ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော်နိုင်ရေး ကောင်းမွန်သည့် မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်များ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ(၁)ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လည်းကောင်း၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက လည်းကောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကလည်းကောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက မြေယာသုံးစွဲမှုများ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာစီမံခန့်ခွဲရေး ဆောင်ရွက်နေမှုများ၊ အမျိုးသားမြေအသုံးချမှုကောင်စီ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အမျိုးသားမြေအသုံးချမှု ဥပဒေရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် အကောင်အထည်ဖော်ရေးနှင့် အမျိုးသားမြေအသုံးချမှု ဥပဒေပေါ်ပေါက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု ကိစ္စရပ်များအပြင် ဝန်ကြီးဌာနအလိုက် မြေအသုံးချမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေစီမံခန့်ခွဲ ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။