မန္တလေး အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပြည်တွင်း၊ ပြည်ပအေဂျင်စီများ၊ လုပ်ငန်းရှင်များ၊ လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ (Multi-Purpose Stadium) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား (Working Age) အတွင်း ရောက်ရှိနေကြသော လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်များ ဆောင်ရွက်ပေးရေးအတွက် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့်အရေးများကို ရရှိခံစားနိုင်စေရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။
လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်နေကြရပြီး အလုပ်လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိရန်နှင့် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းအလုပ်အကိုင်နှင့်ပတ်သက်၍ အလုပ်ရှာဖွေနေသူများအား ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ အလုပ်ရှင်များက ရွေးချယ်ခန့်အပ်နိုင်ရန် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉)ရုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ပုံစံအသစ်များ ပြောင်းလဲပြီး Digital Platform သည် အလုပ်သမားဈေးကွက်အတွက် အခြေခံလိုအပ်ချက် ဖြစ်လာသည့်အတွက် Digital သို့ လျင်မြန်စွာပြောင်းလဲမှုတွင် အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ပြောင်းလဲလာသည့် Digital အလုပ်အကိုင်အသစ်များတွင် လုပ်ကိုင်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုအသစ်များ (New Skills) ကို လေ့ကျင့်သင်ယူ တတ်မြောက်ရန်နှင့် ဘဝတစ်သက်တာ သင်ယူမှုတို့ကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယခုအလုပ်အကိုင်ပြပွဲတွင် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များအတွက် သင့်လျော်သော အလုပ်အကိုင်နှင့် အလုပ်သမားများကို ရွေးချယ်နိုင်ပြီး အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အလုပ်အကိုင် အခွင့်အလမ်းပြပွဲကြီး ကျင်းပပေးသည့်အတွက် မန္တလေးမြို့ပေါ်ရှိ လုပ်သားလိုအပ်နေသည့် အလုပ်ရှင်များနှင့် အလုပ်ရှာဖွေနေသည့် လူငယ်များအတွက် တစ်နေရာတည်းတွင် မိမိတို့နှင့်ကိုက်ညီနှစ်သက်သည့် အလုပ်အကိုင်များကို ရွေးချယ်ခွင့်ရမည်ဖြစ်ကြောင်း၊ အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များ နှစ်ဦးနှစ်ဘက် အကျိုးများစွာ ရရှိသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပနိုင်ခြင်းကို အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ပါဝင်ပြသသော ကုမ္ပဏီများအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြပွဲအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair)တွင် အလုပ်လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင်ပါဝင်ပြသသော ကုမ္ပဏီများ၊ လုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါပြပွဲတွင် ပြည်တွင်း/ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများနှင့် ကုမ္ပဏီစုစုပေါင်း (၃၅) ခု ပါဝင်ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်