Skip to main content

ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ကြရန်လိုအပ်

နေပြည်တော် အောက်တိုဘာ ၄

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ကြိုးပမ်း ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ စက်ရုံများအား စွမ်းရည်မြှင့်တင်၍ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ချွတ်ယွင်း၍ စွမ်းရည်လျော့နည်း ကျဆင်းနေသည့် စက်ပစ္စည်းများအား အမြန်ဆုံး ပြုပြင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်ရုံလည်ပတ်မောင်းနှင်နေမှု၊ တာဘိုင် Guide Vane ပြုပြင်နေမှု၊ Stator နှင့် Rotor တို့အား Insulation Painting ပြုလုပ်ခြင်း၊ အမှတ်(၄)စက် ထိန်းချုပ်စနစ်မှ Software Upgrading ပြုလုပ်နေမှုကို စစ်ဆေးကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။     

ယင်းနောက် စက်ရုံမှူးက ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အား ပေးစက်များမောင်းနှင်၍ ဓာတ်အား ထုတ်လုပ်နေမှု၊ နိုင်ငံတော် ဓာတ်အားကွန်ရက်နှင့် ချိတ်ဆက်မှု၊ တမံအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်မှု၊ အမှတ်(၄)စက်အား အကြီးစားပြုပြင်မှု လုပ်ငန်းအခြေအနေများကို တင်ပြရာ ဒုတိယအင်ဂျင်နီယာချုပ် ဦးညီညီထွန်းက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြမှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်သူများအတွက် တည်ငြိမ်၍ အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးနိုင် ရေးအတွက် တာဘိုင်နှင့် ဂျင်နရေတာများ၊ ထိန်းချုပ်စနစ်များ၊ Switchgear နှင့် Protection စနစ်များအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအထူးဂရုပြုဆောင် ရွက်ရန်၊ စက်ရုံနှင့်ဝန်ထမ်းအိမ်ရာများကို သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား အမှတ်တရ သစ်သီးခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ စက်အားပြုပြင်ပြီးပါက ယခင်က လျော့နည်းနေသည့် စက်တပ်ဆင်စွမ်းအား (၈)မဂ္ဂါဝပ်ကို ပြန်လည်ရရှိနိုင်သဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ၃၄ ဒသမ ၂၄ ကီလိုဝပ် နာရီသန်း တိုးတက်ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်