သိင်္ဂါလောဝါဒသုတ်လာ လူတို့ဆောင်ရွက်ရသော လူမှုရေးကျင့်ဝတ်များတွင် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသည့် ဆရာ့ကျင့်ဝတ် ငါးပါးရှိပါသည်။ ဆရာတို့သည် သိသင့်သမျှ အတတ်ပညာများကို သင်ကြားပေးရခြင်း၊ ဆုံးမသြဝါဒပေး၍ ပြုပြင်ပေးရခြင်း၊ မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာ့ထံသို့ အပ်နှံပေးရခြင်းတို့ကို ဆောင်ရွက်ပေးရသည်။
ဆရာဟူသည် တပည့်များအပေါ်တွင် မိဘနှင့်မခြား မေတ္တာထား၍ အလေးထား ဆောင်ရွက် ပေးရသဖြင့် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ငါးပါးစာရင်းတွင် ပါဝင်ရပေ သည်။ ထို့အပြင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ မည်သည့်ဆရာမဟူ မိမိတို့အတွက် အကျိုးတစ်စုံတစ်ရာရှိသဖြင့် ကျေးဇူးရှိသည်ဟု အသိအမှတ်ပြုရပေသည်။ ထို့ကြောင့် ဆရာဟူသမျှအပေါ်တွင် ရိုသေလေးစား တန်ဖိုးထားခြင်း၊ အခါအခွင့်သင့်လျှင် ပူဇော်ကန်တော့ခြင်းတို့ကိုပြုကြလေသည်။ ဆရာတို့ကို ကျေးဇူးမဆပ်နိုင်လျှင်ပင် ကျေးဇူးမချေဖျက်မိရန် အရေးကြီးပေသည်။ ဆရာကို ပြစ်မှားပါက ကြီးလေးသော အပြစ်ဒဏ်ခံရနိုင်ပေသည်။ ဆရာများအပေါ် ရိုသေလေးစားတန်ဖိုးထားခြင်းသည် မင်္ဂလာတရားနှင့်အညီဖြစ်၍ ကောင်းသောအမှု ကြီးပွားချမ်းသာခြင်းကို ဖြစ်စေသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင် ဆရာများကို တန်ဖိုးထားဂုဏ်ပြုသော အားဖြင့် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ဗြဟ္မစိုရ်တရား ထွန်းကားသောနိုင်ငံဖြစ်၍ ဆရာများအပေါ်တွင် အစဉ်အမြဲရိုသေလေးစား တန်ဖိုးထားခဲ့ကြပေသည်။ ပူဇော်အထူးကို ပြုခဲ့ကြပေသည်။ မြန်မာမှု နယ်ပယ်တွင် ပညာ၏တန်ဖိုးနှင့်တကွ ဆရာ့ကျင့်ဝတ်၊ ဆရာ့ဝတ္တရား၊ ဆရာ့ဂုဏ်ရည်၊ ဆရာ့ တန်ဖိုးတို့ကို အထူးညွှန်းဆိုကြလေသည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား တို့၏ သွန်သင် ဆုံးမလမ်းညွှန်မှုများကိုခံယူ၍ ယဉ်ကျေးသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက် ထားပေသည်။
မျက်မှောက်ကာလတွင် အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးမှု၊ မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သည့် အတွေးအခေါ်အယူအဆများ သွတ်သွင်းလာမှု၊ ခေတ်ပေါ်သတင်း အချက်အလက် နည်းပညာများ ရှေ့တန်းရောက်လာမှု စသည်တို့ကြောင့် လက်ထပ်သင်ကြားရင်ဝယ်ထား၍ ညွှန်ပြပေးလာသော ဆရာများ၏ အခန်းကဏ္ဍများမှာ မှေးမှိန်သကဲ့သို့ ဖြစ်လာရသည်။ ဆရာများ အပေါ် ရိုသေလေးစား တန်ဖိုးထားမှုများ လျော့ပါးလာသည်ကို တွေ့ရသည်။ ထိုထက်မက ဆရာများအပေါ် ပြစ်မှားစော်ကားမှုများအထိ ကျူးလွန်လာကြသည်ကို တွေ့လာရသည်။ ဆရာများကို ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့်အတူ ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုထား သဖြင့် ဆရာ့ဂုဏ်ရည်ထိပါးမှုများကို လက်ခံကြမည်မဟုတ်ပေ။ ယဉ်ကျေးမှု အစဉ်အလာကြီးမားသော မြန်မာနိုင်ငံအနေဖြင့်မူ ပို၍ပင်လက်မခံနိုင်ဘဲ ဆရာ့ဂုဏ်ကို တန်ဖိုးထားထိန်းသိမ်း မြှင့်တင်ကြရမည်ဖြစ်သည်။
ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်းလုံးရှိဆရာများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတိုင်းနိုင်ငံတိုင်း၌ ကမ္ဘာ့ဆရာများနေ့များကျင်းပကြသည်မှာ ကမ္ဘာတစ်ဝန်းလုံး မင်္ဂလာရှိသောနေ့ဖြစ်ပေသည်။ နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အကျဆုံးဖြစ်သည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်ထမ်းရွက်နေကြသည့် ဆရာ ဆရာမများ၏ တန်ဖိုးကို အသိအမှတ်ပြု ဖော်ညွှန်းပေးနိုင်ခဲ့ပေသည်။ ဆရာများ၏ တန်ဖိုးကြီးမားမှုကို ပိုမိုထင်ရှားပေါ်လွင် အောင် ဆောင်ကြဉ်းပေးရာရောက်သကဲ့သို့ ဆရာ ဆရာမများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ကျေးဇူးတရားများကို မမေ့မလျော့အောင် ဂုဏ်ပြုရည်ညွှန်းခြင်းလည်း ဖြစ်ပေသည်။ မြန်မာတို့အနေဖြင့် အနန္တဂိုဏ်းဝင် ဆရာသခင်အဖြစ် မပြတ်ဦးညွှတ် နိုင်အောင်၊ လေးစားတန်ဖိုးထားနိုင်အောင် အစဉ်အလာမပျက် ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တပည့်များအပေါ်တွင် စေတနာ၊ မေတ္တာအပြည့်အဝ ထား၍ လူတစ်လုံးသူတစ်လုံး ဖြစ်လာအောင် အနစ်နာခံသင်ကြားပြသပေးသည့် ဆရာဆရာမများအား မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ရိုသေလေးစားတန်ဖိုးထား၍ ဆရာ့ဂုဏ်ကျေးဇူးများကို မမေ့မလျော့ ရှိကြရမည်ဖြစ်ပါကြောင်း။ ။