Skip to main content

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) က ဖမ်းဆီးခေါ်ဆောင်

နေပြည်တော် အောက်တိုဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းအောင်လှိုင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးနိုင်မိုးဇော်၊ စဉ့်ကူးမြို့နယ်မှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Pan Han Bing (၂၅) နှစ် (ဘ) Pan Jin Lang ၊ Lin Zhen Fen (၂၅) နှစ် (ဘ)Lin Jin Wen ၊ Yang Jun Feng (၃၂)နှစ် (ဘ) Yang Gao Jun ၊ Liu Fei Feng (၂၅) နှစ် (ဘ) Liu Jin Xlang ၊ Sheng Bao (၂၄) နှစ် (ဘ) Chen Sul Chen ၊ Yan Bin (၂၂) နှစ် (ဘ) Yan Yuan Fheng ၊ Zhouli (၂၃)နှစ် (ဘ) Zho Welving တို့ ၇ ဦးအား မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးဦးစီးရုံးမှ လားရှိုးမြို့ရှိ ဒုတိယပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးသို့ပို့ဆောင်ရန် ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်သည့် “ချမ်းသာအောင်” ခရီးသည်တင်ယာဉ်လိုင်းမှ 6K/2052 SUPER CUSTOM ယာဉ်ဖြင့် ထွက်ခွာလာခဲ့သည်။

ထိုသို့ထွက်ခွာလာစဉ် နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၆ ဖာလုံအရောက်၌ လက်ပစ်ဗုံးကိုင်ဆောင်ထားသည့် လက်နက်ကိုင်သောင်းကျန်းသူ ၂ ဦး(စိစစ်ဆဲ)က လားရာတူ နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထပ်မံ၍ လက်နက်ကိုင်သောင်းကျန်းသူ ၁ ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား မော်တော်ယာဉ်နှင့်အတူ တောအတွင်းသို့ မောင်းနှင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောလမ်းတစ်နေရာအရောက်တွင် ဦးထွန်းအောင်လှိုင်၊ ဦးနိုင်မိုးဇော်၊ ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့ ၄ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးခိုင်ဇော်မျိုးနှင့် ဦးနိုင်မိုးဇော်တို့ ၂ ဦးမှာ နောင်ချို မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့လည်းကောင်း၊ ဦးထွန်းအောင်လှိုင်နှင့် ဦးကျော်စိုးခိုင်တို့ ၂ ဦး မှာ ကျောက်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့လည်းကောင်း ကားကြုံဖြင့် အသီးသီးပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူ တရုတ်နိုင်ငံသားများအား ရှာဖွေကယ်ဆယ်နိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။