Skip to main content

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည့် တရားခံများအား ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၃

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် လူငယ်၊ လူရွယ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံသို့ပို့ဆောင်၍ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်စေကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်မှုများမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေ့/ညမပျက် စုံစမ်းထောက်လှမ်း ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် ညနေပိုင်းတွင် ကျောက်မဲမြို့နယ်၊ Oriental တိုးဂိတ်၌ မန္တလေးမြို့မှ ကျောက်မဲမြို့ဘက်သို့ ထွက်ခွာလာသည့် “ရွှေလိပ်ပြာ” ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း မောင်းနှင်သည့်ယာဉ်အမှတ်၊ CC-8581၊ Wingroad အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန်သွားရောက်မည့် တရားခံများဖြစ်သော ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦးနှင့် စနေထွန်းတို့ ၁၀ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်မည့်သူများအား ချိတ်ဆက်ပို့ဆောင်ပေးမည့် တရားခံ ကေလာ အား ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ကားဝင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် စုစုပေါင်းတရားခံ ကျား ၁၂ ဦး အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ညီညီထွန်း၊ သန့်ဇင်ထွန်း၊ ဟိန်းမင်းဦး၊ ထက်ပိုင်လင်း၊ မျိုးမြင့်မြတ်၊ ကျော်ဇင်ထက်၊ စိုင်းထက်အောင်၊ အောင်ဇော်ဟိန်း၊ ဝေယံဦးနှင့် စနေထွန်းတို့ ၁၀ ဦးသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံ သန်းဝင်းအောင်(ခ)ပေါကြီး ခေါင်းဆောင်သည့် ဘုတလင်မြို့နယ်၊ ပိုးကုန်းကျေးရွာရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ပိုးကုန်းကျေးရွာ၏ အနောက်ဘက်တောအတွင်း၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား ၁၀ ရက်ခန့် တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် ညီညီထွန်းပါ ၁၀ ဦးတို့သည် ဖမ်းဆီးရန်ကျန်တရားခံ သန်းဝင်းအောင်(ခ)ပေါကြီး ၏ ချိတ်ဆက်ပို့ဆောင်ပေးမှုဖြင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် ဘုတလင်မြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး မန္တလေးမြို့သို့ ရောက်ရှိစဉ် ဖမ်းဆီးရန်ကျန်တရားခံ သန်းဝင်းအောင်(ခ) ပေါကြီး မှ ကြိုတင်ချိတ်ဆက်ထားသည့် “ရွှေလိပ်ပြာ” ယာဉ်လိုင်းမှ ယာဉ်မောင်း လှိုင်မင်းထွန်း လာရောက်ခေါ်ဆောင်သည့် မော်တော်ယာဉ်ဖြင့် ကျောက်မဲမြို့သို့ ဆက်လက် ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံ လှိုင်မင်းထွန်း သည် ညီညီထွန်း ပါ ၁၀ ဦးတို့အား မန္တလေးမြို့မှ ကျောက်မဲမြို့သို့ပို့ဆောင်ပေးရန် သန်းဝင်းအောင်(ခ)ပေါကြီးထံမှ ငွေကျပ် ၃ သိန်း လက်ခံရရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်မဲမြို့သို့ ရောက်ရှိပါက ကေလာမှတစ်ဆင့် ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာသို့ ဆက်လက်ပို့ဆောင်၍ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား တက်ရောက်မည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် သွားရောက်မည့်သူများနှင့် ကူညီဆောင်ရွက်ပေးသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။