နေပြည်တော် အောက်တိုဘာ ၂
NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့မှု မရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။
ထို့သို့ပြုလုပ်ဆောင်လျက်ရှိရာ လှတောကျေးရွာနှင့် ဝက်လက်မြို့သွား ကားလမ်း တစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်းများ ထောင်ထားကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁ ရက်တွင် မိုင်းရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာ တစ်လျှောက်မှ ဒေသန္တရလက်လုပ်မိုင်း မျိုးစုံ ၃၂ လုံးတို့အား ထပ်မံရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အလားတူ ရေဦးမြို့နှင့် ရွှေဘိုမြို့သွား ကားလမ်းမကြီးတစ်လျှောက် စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာတစ်လျှောက်မှ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ် လက်ပစ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
ယခုကဲ့သို့ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်းနှင့် အဆိုပါလမ်းများတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံ အေးချမ်း တည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။