နေပြည်တော် အောက်တိုဘာ ၂
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။
ယနေ့နေ့လယ်ပိုင်းတွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနား ကို ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော အေးသာယာမြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေ ဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည် ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။