Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် မော်လိုက်တပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လိုက်မြို့ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။ ယင်းနောက် မော်လိုက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နယ်မြေဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ အောင်ဇေယျခန်းမတွင် မော်လိုက်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံအမှာစကားပြောကြားပြီး တပ်နယ်မိသားစုများကို စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်