ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ သား/သမီး ၃၄၄၉ ဦး အတွက် ပညာသင် ထောက်ပံ့ကြေးများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက ဌာနအလိုက်ဝန်ထမ်းများ၏ သား/သမီးများကိုယ်စား ဌာနမှူးများကို ပညာသင်စရိတ်များပေးအပ်ချီးမြှင့်ရာ တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀ဝ နှုန်း၊ အလယ်တန်းအဆင့်တစ်ဦးလျှင် ငွေကျပ် ၇,၀၀၀ နှုန်း၊ မူလတန်း အဆင့်တစ်ဦးလျှင် ငွေကျပ် ၅,၀၀ဝ နှုန်းဖြင့် စုစုပေါင်း ၃၄၄၉ ဦးအတွက် ပညာသင် ထောက်ပံ့ကြေး ကျပ်သိန်း နှစ်ရာ့လေးဆယ်ကျော် ပေးအပ်ချီးမြှင့်ခဲ့သည်။
နံနက်ပိုင်းတွင် မြို့တော်ဝန်သည် ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုများ၊ ကန်တော်ကြီး ရေပိုလွှဲရေလျှံပေါက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကန်ပတ်လမ်းလူကူးတံတားအတိုင်း ပန်းကန်လုံးကျွန်းအထိသွားရောက်၍ တံတားကြံ့ခိုင်ရေးဆောင်ရွက်ထားမှု၊ ကန်ရေပြင် ကြည်လင်သန့်ရှင်းရေးအတွက် အမှိုက်၊ ဒိုက်များ ဆယ်ယူရှင်းလင်းနေမှုနှင့် ပန်းကန်လုံးကျွန်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၁/၂၀၂၂) သို့ တက်ရောက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးနေသည့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများနှင့် ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေး ရွေ့လျားဈေးကားဖြင့် ရောင်းချပေးနေမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်သဖြင့် မြစ်ကူးတံတားကြီးများ ပေါ်တွင် အမှိုက်များတင်ကျန်မှု မရှိစေရေး၊ လမ်းများ၊ အုတ်ခုံများ၊ တိုင်များ သစ်လွင်စေရေးနှင့် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်