Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်ရှိ မြို့နယ်အဆင့်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

ပန်းတနော် စက်တင်ဘာ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပန်းတနော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် မြို့နယ်အလိုက် လွပ်လပ်၍သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဒေသအာဏာပိုင်များ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အဂတိတရားကင်းကင်း၊ ဘက်လိုက်မှုကင်းကင်းဖြင့် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ရွေးချယ်လိုက်သည့် အစိုးရသည် သန့်ရှင်းတရားမျှတသည့် အစိုးရနိုင်ငံခေါင်းဆောင်များ ပေါ်ထွက်အောင် ရွေးကောက်တင်မြှောက်ကြပါဟု ပြောကြားသည်။

ဆက်လက်၍ ပန်းတနော်မြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်ပြီးပါက တိုင်းဒေသကြီးအကျိုး သယ်ပိုးနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များအတွက် တိုးတက်မည့် ဘဝခရီးကို ပြုစုပျိုးထောင်ပေးနိုင်ပြီး အမှန်တကယ်တန်းဖိုး ရှိမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းများ ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်နိုင်သော၊ အသိပညာဗဟုသုတများ ဆည်းပူးဖလှယ်နိုင်သော၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်ချက်များကို ကူညီထောက်ပံပိုးပေးနိုင်ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ မြို့ရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတား၊ စာသင်ကျောင်း၊ ဆရာ ဆရာမလိုအပ်ချက်များ စသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)