Skip to main content

နေပြည်တော်ရေပန်းဥယျာဉ်ကို ခေတ်မီဆန်းသစ်သည့် ဥယျာဉ်ကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

နေပြည်တော် စက်တင်ဘာ ၂

နေပြည်တော် ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နှင့် လျော်ညီသည့် ခေတ်မီဥယျာဉ်ကြီးတစ်ခုအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥယျာဉ်အတွင်း ပြည်သူများ စိတ်အပန်းဖြေစေရန် ရိုလာကိုစတာ(Roller Coaster)၊ Zip Line ၊ ရေလွှာလျှောစီး(အကြီး)၊ ရေလှိုင်းတု၊ မဟာရဟတ်၊ Mono Train စသည့် ကစားနည်းများ အပါအဝင် ကစားနည်းပေါင်း ၄၈ မျိုးကို သုံးနှစ်စီမံကိန်းဖြင့် နေပြည်တော်မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလရှိပြီးသော ကန်(၃)ဆင့် ရေကန်၊ ရေတံခွန်၊ ရေပန်းရုပ်ရှင်(Water Movie)နှင့် ရေပန်းအက(Water Dancing)တို့ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် နေပြည်တော်စည်ပင် သာယာရေးကော်မတီနှင့် တင်ဒါအောင်မြင်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ နေပြည်တော်ရေပန်းဥယျာဉ် နှစ်ရှည်ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်ကို အပြန်အလှန် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။

အဆိုပါသဘောတူစာချုပ် လက်မှတ်ရေးထိုး ပွဲအခမ်းအနားတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်က လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် အများပြည်သူအပန်း ဖြေနေရာအဖြစ် လူတန်းစားမရွေး ဝင်ရောက် လည်ပတ်နိုင်ရန် ရေပန်းဥယျာဉ်ဝင်ကြေးကို သင့်တော်သောနှုန်းထားဖြင့်သာ ကောက်ခံရန် လိုအပ်ကြောင်း၊ နေပြည်တော် ရေပန်းဥယျာဉ်အတွင်း ဒေသတိုင်းရင်းသားရိုးရာ စားသောက် ဆိုင်များ၊ အထည်ဆိုင်များ၊ သန့်ရှင်းသပ်ရပ်သည့် ခေတ်မီစားသောက်ဆိုင်များ၊ နည်းပညာ ဆန်းသစ်သော ကစားကွင်းများနှင့် ပြပွဲများထည့်သွင်း ဆောင်ရွက်ရန်နှင့် တစ်နှစ်ထက် တစ်နှစ် မတူညီသည့် ဆန်းသစ်မှုများ၊ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ရန် အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်