Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

(ယမန်နေ့မှအဆက်)

NP News Agency မှ ရုပ်သံတင်ဆက်သူ ဒေါ်သီရိက လူမှုကွန်ရက်၌ ကျယ်ပြန်စွာ အသုံးပြုလာသည့် ဆယ်စုနှစ်ကာလကျော်တွင် အထူးသဖြင့် Facebook ပေါ်မှအစပြုပြီး အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သည့် လူဦးရေအချက်အလက်များ၊ လျှို့ဝှက်များပေါက်ကြားရုံတင်မက အမျိုးသား စရိုက်လက္ခဏာများ၊ ယဉ်ကျေးမှုများ၊ ရိုးရာဘာသာတရားများ တိမ်မြုပ်လာခြင်းစသည့် အမျိုးသားလုံခြုံရေးစည်းများ ကျိုးပေါက်မှုကို မည်ကဲ့သို့ကာကွယ်မည်ကိုသိလိုပါကြောင်း၊ ဒုတိယမေးခွန်း အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနကိုမေးလိုကြောင်း၊ လက်ရှိသံတမန်အခင်းအကျင်းတွင် မြန်မာအစိုးရအနေဖြင့် ဖိအားပေး၊ ထိုးနှက်ခံရခြင်းကို ကြိမ်ဖန်များစွာကြုံတွေ့နေရကြောင်း၊ ကြိမ်ဖန်များစွာဖြစ်လာသည့်အတွက် ဖိအားပေးထိုးနှက်သည့်အဆင့်ထက်ပိုမို၍ တိုင်းပြည်ဂုဏ်သိက္ခာကိုပါ ထိခိုက်လာပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ပယ်ချကြောင်းသာ ထုတ်ပြန်ချက်ထုတ်နေကြောင်း၊ သက်ဆိုင်ရာသံတမန်အသိုင်းအဝိုင်းကို ထိုထက်မက ပိုမိုထိရောက်ပြင်းထန်သည့် လုပ်ဆောင်ချက်များ၊ သက်ဆိုင်ရာနိုင်ငံ၏ သံတမန်ကို ခေါ်ယူကန့်ကွက်ခြင်း လုပ်ဆောင်ခြင်း ရှိ/ မရှိ၊ ထိရောက်သည့် ကန့်ကွက်လုပ်ဆောင်ချက် ဆောင်ရွက်မှုမျိုးများ၊ လုပ်ဆောင်နိုင်စွမ်း ရှိ/မရှိသိလိုကြောင်း၊ တချို့သော နိုင်ငံများကို သံတမန်အဆင့် လျှော့ချထားသည်ကိုသာ သိရှိထားကြောင်း၊ နံပါတ်(၃) မေးခွန်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို မေးမြန်းရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကစိန်ခေါ်မှုများသည် နိုင်ငံရေးမတည်ငြိမ်မှု ကသောင်းကနင်းဖြစ်နေသည့် အခြေအနေများ၊ စည်းမျဉ်း စည်းကမ်းများ၊ မကြာခဏအပြောင်းအလဲဖြစ်ပေါ်နေခြင်း၊ ငွေဈေးမတည်ငြိမ်ခြင်းများစသည့် များပြားသည့်စိန်ခေါ်မှုများရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံလိုသူများကို မည်ကဲ့သို့သော အာမခံချက်များ လုပ်ပေးနိုင်ပါသလဲ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် မည်သည့်အတိုင်းအတာအထိ စီမံထားသည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ပထမဦးဆုံး Facebook လူမှုကွန်ရက်နှင့်ဆိုင်သည့်ကိစ္စ၊ ဒုတိယက MOFA အနေဖြင့်လုပ်နေသည့် Diplomatic ဆိုင်ရာကိစ္စများ၊ ကန့်ကွက်လွှာများ၊ ထိုကိစ္စများကို MOFA က ပြန်လည်ပြီးဖြေဆိုမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းများ၊ FDI ကိစ္စများကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဖြေကြားပေးမည်ဖြစ်ကြောင်း၊ လူမှုကွန်ရက်စာမျက်နှာနှင့် Facebook ၏ လွှမ်းမိုးလာမှုသည် သတင်းထောက်ကြီးတို့မြင်သည့်အတိုင်း သုံးသပ်သည့်အတိုင်းဖြစ်ကြောင်း၊ မိမိတို့၏အမျိုးသားရေး စရိုက်လက္ခဏာအသီးသီးအပေါ် (National Identity)၊ ယဉ်ကျေးမှုအပေါ်၊ နိုင်ငံရေးအပေါ်တော်တော်များများ လွှမ်းမိုးမှုရှိသည်ကို တွေ့ရကြောင်း၊ အများအားဖြင့် နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင်လုပ်ခြင်းဖြစ်ကြောင်း၊ ယခုလောလောဆယ်ဖြစ်နေသည့် ဆူပူအကြမ်းဖက်မှုများကို အများဆုံးလှုံ့ဆော်နေသည်မှာ Facebook ပေါ်ကဖြစ်ကြောင်း၊ Facebook ကိုင်တွယ်နေသည့်သူများ၊ Facebook နှင့် ပတ်သက်ပြီး ကိုင်တွယ်နေသည့်အဖွဲ့အစည်းက ၎င်းတို့အနေဖြင့် အမြဲတမ်းစောင့်ကြည့်နေသည်၊ ၎င်းတို့ပြောနေသည့် Social Standard နှင့်မကိုက်ညီသည်များကို ပယ်ဖျက်နေသည်ဟု အမျိုးမျိုးပြောနေကြောင်း၊ အမှန်တကယ်မြန်မာနိုင်ငံအနေဖြင့် Facebook ပေါ်တွင် အဖျက်ခံနေရခြင်းသည် အမျိုးသားရေး၊ နိုင်ငံတော်၏အခြေခံယဉ်ကျေးမှုမူလဖြစ်သည့် အမျိုးဘာသာသာသနာနှင့်ပတ်သက်လာပြီး တင်နေသည်များကို အမြဲတမ်းအဖျက်ခံနေရခြင်းကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

ဥပမာတစ်ခုအနေဖြင့် အစောပိုင်းကပြသခဲ့သည့် Video ထဲ၌ တပ်မတော်ကရုရှားနိုင်ငံတွင် ပထမဆုံးသွားရောက်ပြီး ယှဉ်ပြိုင်သည့် ဗိုလ်လောင်းများသည် ရွှေတံဆိပ်ဆုရခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်အလံကိုရုရှားနိုင်ငံတွင် နိုင်ငံတော်သီချင်းနှင့်အတူ လွှင့်ထူခဲ့သည်ကို မြင်လိမ့်မည်ဖြစ်ကြောင်း၊ ထို Video ကို တပ်မိသားစုများ၊ အရပ်ဘက်ပြည်သူများက Facebook ပေါ်တွင်တင်ကြောင်း၊ Facebook ပေါ်တွင်တင်တိုင်း အမြဲတမ်းဖြုတ်ချခံရကြောင်း၊ ၎င်းတို့သည် မည်သည့် Standard ဖြစ်သနည်း၊ ၎င်းတို့ပြောနေသည့် Social Standard နှင့် မည်သည့်အရာများက ငြိနေသည်ကို မိမိမေးလိုကြောင်း၊ ထိုအကြောင်းအရာသည် အနီးဆုံးရက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်ကို ပြောခြင်း ဖြစ်ကြောင်း၊ မိမိသတင်းစာရှင်းလင်းပွဲအစတွင်ပြောခဲ့ကြောင်း၊ စစ်ကိုင်း၌ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် တော်တော်ကိုရက်စက်ကြောင်း၊ ခရီးသည်တင်ကားပေါ်တွင်လိုက်လာပြီ ပစ်ခတ်ခဲ့ကြောင်း၊ ခရီးသည်များကို အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့ကြောင်း၊ အမျိုးသမီးတစ်ယောက်ကို ဖမ်းချုပ်ပြီး ၎င်းရှေ့တွင် အကာအကွယ်ယူပြီး ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းအမျိုးသမီးသည် ညာဘက် ခြေထောက်ကိုသာ သေနတ်ထိခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမဟုတ်ကြောင်း၊ ၎င်းသည် PDF အကြမ်းဖက်များ၏ ဓားစာခံ လုပ်ခံရခြင်းကြောင့် ထိတ်လန့်ပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့ခြင်းများကို လူမှုကွန်ရက်ပေါ်တွင် Live လွှင့်ပြီး တင်နေသည်ကိုအတင်မခံခဲ့ကြောင်း၊ မကြာခဏဖြုတ်ချခံခဲ့ရကြောင်း၊ ယခုအချိန်အတွင်း မည်မျှအဖြုတ်ချခံနေရသည်ကို ပြန်လေ့လာကြည့်လျှင် သိနိုင်မည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ ထိုအကြောင်းအရာသည်အမှန်ဖြစ်ကြောင်း၊ တော်တော်ကို အန္တရာယ်များနေကြောင်း။

မိမိတို့အနေဖြင့် ကန့်သတ်နိုင်ရေး လုပ်ဆောင်နေကြောင်း၊ ကန့်သတ်နေသည်မှာ နည်းနှစ်နည်းရှိကြောင်း၊ ပထမနည်းမှာ ကန့်သတ်နိုင်ရေး လုပ်ဆောင်ချိန် အားလုံးသိသည့်အတိုင်း ကျော်၍ခွ၍ ရသည့်နည်းများဖြစ်သည့် VPN ခံပြီးကျော်နေရသည်များရှိကြောင်း၊ သို့သော်ဆက်လက်ပြီး မလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆောင်ရွက်နေခြင်းများရှိကြောင်း၊ သို့သော် အပြည့်အဝ အောင်မြင်မှုများမရရှိသေးကြောင်း၊ ယခုကဲ့သို့ ကန့်သတ်လိုက်ပြီဆိုလျှင် မိမိတို့ နောက်ထပ်လုပ်ရန် တာဝန်ရှိလာသည့်တစ်ခုရှိပါကြောင်း၊ Social Media ကို သုံးစွဲပြီးသား လူတစ်ယောက်သည် မသုံးစွဲဘဲနေ၍မရကြောင်း၊ ၎င်း၏စိတ်အလိုဆန္ဒ ပြည်သူလူထုအပေါ်တွင်လည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ထိုနေရာကို အစားထိုးနိုင်ရန်အတွက်လည်း မိမိတို့ Social Media Platform တစ်ခုကို တီထွင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနနှစ်ခု၊ သုံးခုပေါင်းပြီး ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ နံပါတ်သုံးအချက်မှာ ကန့်သတ်မှုများဖြစ်ကြောင်း၊ Facebook Team အနေဖြင့် မြန်မာနိုင်ငံတွင် ယခုလောက်ပြ၍ရအောင် မည်သည့်နေရာကနေပြီး မည်သည့်ဝင်ငွေများရရှိအောင် လုပ်နေသလဲဆိုလျှင် ကြော်ငြာများသာဖြစ်ကြောင်း၊ ကြော်ငြာနေသည့်သူများနှင့်ပတ်သက်ပြီး မြန်မာကုမ္ပဏီ၊ မြန်မာနိုင်ငံနှင့်သက်ဆိုင်နေသည့် ကုမ္ပဏီများကိုလည်း မိမိတို့အနေဖြင့် ကန့်သတ်မှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တကယ်ဖြစ်ပျက်နေသည့် အန္တရာယ်နှင့်ပတ်သက်ပြီး အသိပေးသည့်အတွက် သတင်းဌာနကိုလည်း ကျေးဇူးတင်ကြောင်း၊ နောက်တစ်ချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ရပ်တည်ချက်၊ နိုင်ငံခြားရေးမူဝါဒတကယ်ဖြစ်ပျက်နေသည်တို့ကို မတရားစွပ်စွဲနေသည်ကို မိမိပြောပြီးဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၏ အသေးစိတ်လုပ်ဆောင်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြီး ပြောကြားသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်၊၊

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာအစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်တည်တံ့ခိုင်မြဲရေးကို လေးစားသည့် မူဝါဒကျင့်သုံးလျက်ရှိကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရဖိအားပေးရန်ကြိုးပမ်းရာတွင် လည်းကောင်း၊ အခြေအမြစ်မရှိသည့် စွပ်စွဲမှုများပြုလုပ်ရာတွင်လည်းကောင်း မိမိတို့နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကြေညာချက်များထုတ်ပြန်ခြင်း၊ သက်ဆိုင်ရာသံရုံးများ (သို့မဟုတ်) နိုင်ငံတကာအဖွဲ့အစည်းများသို့ သံတမန်လမ်းကြောင်းမှ တစ်ဆင့်အကြောင်းကြားခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူများကလည်း သံရုံးများ(သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံအပေါ် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ၊ လွှတ်တော်များ၏ မသင့်မလျော်ပြောဆိုဆက်ဆံမှုနှင့်ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေးစံနှုန်းများနှင့်အညီ အပြင်းအထန်ကန့်ကွက်ပြောဆိုလျက်ရှိကြောင်း၊ အလားတူ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ အကြီးအကဲများကလည်း သက်ဆိုင်ရာနိုင်ငံများရှိတာဝန်ရှိသူများကို တူညီသော သတင်းစကားများ အသိပေးပြောကြားကြောင်း၊ နောင်တစ်ချိန်အလားတူဖြစ်စဉ်မျိုး ပေါ်ပေါက်ခဲ့ပါကလည်း မိမိတို့အနေဖြင့် သံတမန်ရေးနည်းလမ်းများနှင့် ကောင်းစွာဖြစ်တည်ပြီးဖြစ်သော သံတမန်ရေးအလေ့အကျင့်ကောင်းများကို နိုင်ငံတကာသံတမန် ဆက်ဆံရေးစံနှုန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက တတိယအချက်ဖြစ်သော စီးပွားရေးဆိုင်ရာနှင့် FDI ဆိုင်ရာများ၊ Foreign Exchange Rate အပိုင်းများနှင့်ပတ်သက်ပြီး ဗဟိုဘဏ်နှင့် ရင်းနှီးစီးပွား သို့မဟုတ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ထိုအဖွဲ့များက သက်ဆိုင်သူများဖြေကြားနိုင်ရန် ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အမျိုးသားစီမံကိန်းဥပဒေအရ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအနေနှင့် မြန်မာကျပ်ငွေ ၁၆၁၅ ဒသမ ၈၁၉ ဘီလီယံခန့်မှန်းထားပြီး အိမ်ရာအဆောက်အအုံ တည်ဆောက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍတို့ကို အဓိကထားခွင့်ပြုနိုင်မည်ဟုခန့်မှန်းထားကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အဓိကအဆိုပြုထားသည်မှာ စက်မှုလုပ်ငန်းအများဆုံးဖြစ်ပြီး လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အိမ်ရာအဆောက်အအုံလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါဝင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံကအများဆုံးဖြစ်ပြီး ဟောင်ကောင်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား ၉ ခုကိုအဆိုပြုထားပြီး အဆိုပြုလွှာတင်လာခဲ့လျှင် ထိုလုပ်ငန်း ၉ ခုကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ကြေညာထားပြီးဖြစ်ကြောင်း။

ထိုလုပ်ငန်း ၉ ခုမှာ ဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းစသည့် လုပ်ငန်းများနှင့်ဆက်စပ်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လျှပ်စစ်ယာဉ်များထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဆီထွက်သီးနှံဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်ပြီး လာရောက်ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်မည်ဆိုလျှင် ရင်းနှီးမြှုပ်နှံသူ ဦးတည်စနစ်(Investor targeting)နည်းလမ်းအားအသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ထားသည့်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ရန်အဆိုပြုလွှာတင်လာမည်ဆိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်များကို လိုအပ်သလို လျင်မြန်စွာ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး စီးပွားကူးသန်း Website များတွင် ပြန်လည်ပြီးထုတ်ပြန်လျက်ရှိကြောင်း၊ ဒေသဆိုင်ရာစာသည်အလက်များ တကယ်ဖြစ်ပျက်နေသည့် အချက်အလက်များကို ယခုအကြံပေးသွားသကဲ့သို့ မသိသေးသည်မှာ များပြားနေသည်ကိုတွေ့ရကြောင်း၊ ၎င်းတို့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စီးပွားကူးသန်း၊ ရင်းနှီးစီးပွားအဖွဲ့များနှင့် ကျန်ရှိနေသည့် အဖွဲ့များသက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့လုပ်ဆောင်နေသည်များ၊ FDI ဝင်ရောက်လာမှုများ ထုတ်ပြန်နိုင်သည့်သတင်းများကို မြန်မာပိုင်းတွင်သာမက အင်္ဂလိပ်ပိုင်းကိုပါ တတ်နိုင်သမျှထုတ်ပြန်ပေးရန်ပြောလိုကြောင်း၊ မိမိတို့ချိတ်ဆက်ထားသည့် Information Team ရှိကြောင်း၊ Information Team သို့ ထိုအချက်အလက်များကိုပေးရန်ပြောလိုကြောင်း၊ Media အများစုက Information Team တွင် လာကြည့်ကြကြောင်း၊ ဝန်ကြီးဌာနများမှထုတ်ပြန်စေလိုသည့် အချက်အလက်များရှိလျှင် English Section အနေနှင့်ရော Myanmar Section အနေနှင့်ပါ Information Team ကိုပေးရန် မိမိပြောလိုကြောင်း၊ Information Team ကိုပေးပြီးမိမိတို့ ပြန်တင်ပေးသည့်အချိန်တွင်ပိုမိုပြီး သတင်းပျံ့နှံ့နိုင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်၊၊

Myanmar Hard Talk သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းက လက်ရှိအချိန်တွင် တချို့လူငယ်များသည် ၎င်းတို့ကို နိုင်ငံတော်အစိုးရက ပစ်ပယ်ထားသည်ဟု ခံစားနေသည့်လူငယ်များရှိကြောင်း၊ တချို့လူငယ်များက နိုင်ငံခြားကိုထွက်သွားသည့် လူငယ်များရှိကြောင်း၊ တချို့လူငယ်များက ပြည်တွင်းတွင် ကိုယ်ပိုင်စီးပွားရေး တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေကြကြောင်း၊ တချို့လူငယ်များက အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပညာသင်ကြားနေသည့် လူငယ်များလည်းရှိကြောင်း၊ မြန်မာပြည်ထဲတွင်ရှိနေသည့် ကိုယ်ပိုင်စီးပွားရေးလုပ်နေသည့် လူငယ်များကအကယ်၍ နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့ကို စီးပွားရေးလုပ်ရန် အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးငှားခြင်း အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း၊ ပညာသင်ယူ နေသည့်လူငယ်များအတွက် အချိန်ပိုင်းအလုပ် ဖန်တီးပေးရန် အစီအစဉ်ရှိ / မရှိ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လူငယ်များအတွက် အကြံပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ လူငယ်များနှင့်ပတ်သက်ပြီး သီးခြားဆောင်ရွက်ထားခြင်းမရှိသေးကြောင်း၊ အကြံပြုချက်များကိုသက်ဆိုင်ရာများသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရင်းနှီးမြှုပ်နှံမှုတိုးတက်ရန် ငွေကျပ် ဘီလီယံ ၄၀၀ ကို ခွင့်ပြုထားသည့်အထဲတွင် ငွေကျပ် ဘီလီယံ ၃၃၀ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ကျန်သည့်ငွေထဲမှ ယင်းအကြံပြုချက်များတွင် သုံး၍ရ/မရ ဆက်လက်ဆွေးနွေးသွားရမည့် အစီအစဉ်များရှိကြောင်း၊ အစိုးရအနေဖြင့် လူငယ်များနှင့်ပတ်သက်ပြီး ပစ်ပယ်ထားခြင်းမျိုးမရှိကြောင်း၊ ပစ်ပယ်ထားခြင်းမရှိသည့်အတွက်လည်း တောထဲနှင့်တချို့နေရာများတွင် ရောက်ရှိနေသည့်လူငယ်များကိုလည်း ပြန်လာရန်အမြဲဖိတ်ခေါ်ခြင်းများရှိကြောင်း၊ ဖိတ်ခေါ်နေသည့်အပြင် လူငယ်များနှင့်ပတ်သက်ပြီး လူငယ်များကို ပညာရေးတွင် ဆုံးခန်းတိုင်အောင် ပညာသင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ လုပ်ငန်းခွင်ရောက်နေသည့် လူငယ်များအတွက်လည်း အခွင့်အရေးများ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ အခွင့်အရေးများ ဖန်တီးပေးနိုင်ရန်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးကို မေးခွန်းထုတ်လိုပါကြောင်း၊ နှစ်ဖက်စလုံးဆိုသည့်နေရာတွင် ပထမဦးဆုံးအနေဖြင့် NLD ပါတီက တာဝန်ရှိပုဂ္ဂိုလ်များကို သတင်းစာရှင်းလင်းပွဲမှ မေးခွန်းထုတ်လိုကြောင်း၊ ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီးတွင် တပ်မတော်ဘက်မှ မဲစာရင်းမှားယွင်းမှုများရှိနေကြောင်း၊ မဲမသမာမှုများဖြစ်နေကြောင်းကို ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး သတိပေးခဲ့ကြောင်း၊ ယင်းမဲမသမာမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း၊ အကယ်၍ ယင်းမဲမသမာမှုများမဖြေရှင်းဘဲ အစိုးရဖွဲ့ပြီး နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ရယူခဲ့မည်ဆိုလျှင် တပ်မတော်အနေဖြင့် မဖြစ်မနေမလွှဲသာမရှောင်သာ အာဏာထိန်းခြင်း (သို့မဟုတ်) အာဏာသိမ်းခြင်းများ တစ်ခုခုလုပ်နိုင်သည်ဟုသိပါလျက်နှင့် ယင်းမဲမသမာမှုများကိုမည်သည့်အတွက်ကြောင့် ပြန်လည်မဖြေရှင်းပေးခဲ့ပါသလဲ၊ နောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရကို မေးခွန်းထုတ်လိုသည်မှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းမသမာမှုများ၊ မဲစာရင်းမှားယွင်းမှုအားလုံးကို ယနေ့အချိန်ထိ တာဝန်ရှိပုဂ္ဂိုလ်များက ဖြေရှင်းပေးခြင်းမရှိသေးကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးသည့်အခါ မဲစာရင်းမှားယွင်းမှုများသည် သာမန်သဘောရိုးမှားယွင်းခြင်းမျိုး မဟုတ်ဘဲ စနစ်တကျအကွက်ကျကျ ကြိုတင်စီစဉ်ထားသည့် မဲလိမ်မဲခိုးမဲညစ်မှုများဖြစ်သည်ကို စိစစ်ဖော်ထုတ်ပြီးဖြစ်ကြောင်း၊ ထိုလုပ်ရပ်သည် မိမိတို့ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး၊ အညစ်ပတ်ဆုံး မဲခိုးမှုဟုပြော၍ရကြောင်း၊ ယင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ယနေ့အချိန်ထိ မူလအတိုင်းမပြောင်းလဲဘဲ မဲမသမာမှုဟု သုံးနှုန်းနေသည်ကိုတွေ့ရကြောင်း၊ မဲခိုးမဲလိမ်သည်ကို မဲခိုးမဲလိမ်ခြင်းဟု မပြောရလောက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် မည်သည့်အခက်အခဲများ ရှိနေသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲအပြီးတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင်ဝင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုယ်တိုင်က ၎င်းမဲဆန္ဒနယ်တွင်ဖြစ်ခဲ့သည့် မဲဆန္ဒစာရင်းများကိုလာပြကြောင်း၊ ယင်းကဲ့သို့ဖြစ်စဉ်များကို တပ်မတော်သို့အကြောင်းကြားလာကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ၎င်းတို့ကို မဲစာရင်းများစစ်ဆေး ပေးနိုင်ရန် တောင်းခံခဲ့ကြောင်း၊ မီဒီယာများမြင်သည့်အတိုင်း မိမိတို့သာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရကြောင်း၊ မဲစာရင်းများပေးရန် ထုတ်ပြန်ချက်များကိုထုတ်ပြန်ခဲ့ကြောင်း၊ မဲစာရင်းများကို တောင်းသော်လည်း မဲစာရင်းများကို မပေးနိုင်ဘူးဟုငြင်းကြောင်း၊ ဥပဒေထဲတွင်မပါဘူးဟုငြင်းသည့်အတွက် ဥပဒေ ထဲတွင်ပါပြီးသားဖြစ်ကြောင်း၊ မဲဆန္ဒရှင်မည်သူမဆို တောင်းလျှင် ၂၅ ကျပ်ပေးပြီးတောင်း၍ရကြောင်း၊ မပေးသည့်အတွက်ကြောင့် နောက်တစ်ခါမိမိတို့က စာရင်းများအရ ပြန်လည်၍တိုက်ဆိုင်စစ်ဆေးကြောင်း၊ မိမိတို့အားလုံးသတိပြုရမည်မှာ အချက်နှစ်ချက်ကို ထောက်ပြလိုကြောင်း။

နံပါတ်တစ်အချက်က ဇန်နဝါရီလကုန်ခါနီး မီဒီယာများပေါ်တွင်လည်း လက်ရေးမူဖြင့် စာတစ်စောင်တွေ့မည်ဖြစ်ကြောင်း၊ အကြီးအကဲများကိုယ်တိုင် လက်ရေးဖြင့်ရေးပြီး လက်မှတ်ထိုးပြီး ပို့လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံတော်သမ္မတဖြစ်သူထံနှင့် ကျန်သည့်အကြီးအကဲများထံသို့ ထိုစာရောက်ရှိကြောင်း၊ ထိုစာထဲတွင် အချက်သုံးချက်ကို ရှင်းရှင်းလင်းလင်းပြောထားကြောင်း၊ နံပါတ်တစ်အချက်ကမဲမသမာမှုများ၊ မဲစာရင်းလွဲမှားမှုများဖြစ်နေကြောင်း၊ ယင်းမဲစာရင်းများကို တပ်မတော်၊ အစိုးရ၊ ကြားနေအဖွဲ့အစည်းပါသည့် အဖွဲ့ဖွဲ့ပြီးစစ်ပေးရန်၊ နံပါတ်နှစ်အချက်က မဲစာရင်းစစ်နေသည့်အချိန်တွင် လွှတ်တော်ကိုမခေါ်ဘဲ ခေတ္တဆိုင်းငံ့ထားရန်၊ နံပါတ်သုံးအချက်က စစ်ဆေးပြီးလျှင် ဥပဒေအတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဝင်ရောက်ပတ်သက်မည့်ကဏ္ဍမပါဝင်ကြောင်း၊ ထိုအချိန်တွင် မီဒီယာများအားလုံးလည်း သတိပြုမိမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် မဲစာရင်းများစစ်ဆေးရန် ကွန်ပျူတာများယူလာခြင်းများတွေ့ရကြောင်း၊ ကျောင်းများတွင် ကွန်ပျူတာများစုပြီး ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် သုံးလေးရက်အလိုတွင် မဲစာရင်းများစစ်ဆေးရန် အသံများထွက်လာကြောင်း၊ ထို့နောက် တစ်ရက်၊ နှစ်ရက်အလိုတွင် ပြန်ပျောက်သွားကြောင်း၊ ၎င်းတို့ အသိုင်းအဝိုင်းတွင် လွှတ်တော်ကိုခေတ္တခေါ်ပြီး လွှတ်တော်ဖွင့်ခြင်းပြုလုပ်ပြီး မဲစာရင်းစစ်ဆေးရန် နှစ်ပတ်ခန့်ဆိုင်းငံ့ပြီး မဲစာရင်းစစ်မည်ဟုပြောပြီး ပျောက်သွားကြောင်း။

လွှတ်တော်ကျင်းပပြီး နိုင်ငံတော်၏ အာဏာ၊ မဲလိမ်၊ မဲခိုးခြင်းကို ၎င်းတို့ပဲ ယူမည်ဟုလုပ်သည့်အချိန်တွင် ဖေဖော်ဝါရီ ၁ ရက်ကိစ္စဖြစ်လာကြောင်း၊ ၎င်းတို့အနေဖြင့် မဲစာရင်းစစ်ဆေးရန် အုပ်စုနှစ်စုကွဲနေကြောင်း၊ အချိန်တန်လျှင် မည်သူကမည်သို့ ဖြစ်သည်ကိုထုတ်ပြောမည်ဖြစ်ကြောင်း၊ မည်သူကမည်သည့်နေရာတွင် မဲစာရင်းစစ်ဆေးလိုကြောင်း၊ မည်သူကမဲစာရင်းမစစ်ဆေးလိုကြောင်း၊ တိတိကျကျပြောရလျှင် ၎င်းတို့ပါတီထဲတွင်ရှိနေသည့် သူများအနေဖြင့် ၎င်းတို့ပါတီ၏သိက္ခာအရ စစ်ဆေးလိုကြောင်း၊ သို့သော် အစိုးရအဖွဲ့ထဲတွင် ရောက်နေသည့်သူများက မဲစာရင်းများကို စစ်ဆေးမခံလိုကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုမဲမသမာမှုများကို ၎င်းတို့ညွှန်ကြားချက်ဖြင့် ၎င်းတို့ကိုယ်တိုင် လုပ်ခဲ့သည့်အတွက် မဲစာရင်းစစ်လိုက်လျှင် မဲမသမာမှုများတွေ့ရမည်ဖြစ်ကြောင်း၊ စစ်လိုက်၍ တွေ့လျှင် ထိုပါတီသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ လုံးဝလုပ်စား၍ရမည်မဟုတ်ကြောင်း၊ မဲလိမ်မဲခိုးသည့်ပါတီဆိုပြီး သမိုင်းတွင်သွားမည်ဖြစ်ကြောင်း။

အကြောင်းအခြင်းအရာအရ ပြောရလျှင် ယင်းအချိန်တွင် တပ်မတော်ကို ပြောနေသည့်စကားများသည် တပ်မတော်ကို အာဏာမသိမ်း သိမ်းအောင်၊ ဇာတ်နာအောင်လုပ်သည်ဟု ယူဆကြောင်း၊ အာဏာမသိမ်း သိမ်းအောင်ဆွနေသည်ဟုယူဆရကြောင်း၊ “သိမ်းရဲသိမ်းကြည့်ပါလား၊ သိမ်းရင်အားလုံးနှင့်တွေ့မယ်” စသဖြင့်ပြောကြကြောင်း၊ မဲလိမ်မဲခိုးမှုကြောင့် ဖြစ်သွားလျှင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရပ်တည်ခွင့်၊ သိက္ခာပိုင်းဆိုင်ရာ အဖတ်ဆယ်၍မရနိုင်သည့်အကြောင်းအရာများကို တပ်မတော်ဆိုသည့် ဟင်းခတ်ဇွန်းကို မဖြစ်မနေ ခတ်မိအောင်လုပ်ပြီး အဖတ်ဆယ်သည်ဟု မိမိမြင်ကြောင်း၊ နံပါတ်နှစ်အချက် မဲမသမာမှုဟုသုံးစွဲခဲ့ကြောင်း၊ ယခုအချိန်ထိလည်း နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း မဲမသမာမှုဟုသုံးစွဲကြောင်း၊ သို့သော် တပ်မတော်သည် Institution တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လွတ်လပ်ရေးစတင် ကြိုးပမ်းစဉ်ကာလကတည်းက ပေါ်ပေါက်လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း တစ်ခုအနေဖြင့် ပြည်သူလူထုကပေါက်ဖွားလာသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုအရ မိမိတို့အစိုးရသည် မဲမသမာမှုဟုသုံးခြင်းဖြစ်ကြောင်း၊ သို့သော်မဲမသမာမှုများသည် မည်သည့်အဓိပ္ပာယ်လဲဆိုသည်ကို အားလုံးသိပြီးဖြစ်ကြောင်း၊ ယဉ်ကျေးမှုအရမိမိတို့သုံးနှုန်းနေခြင်း ဖြစ်သည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက်ဒေါ်သဇင်ဦးက ပြည်သူများ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသည့် အကြမ်းဖက်မှုကိစ္စရပ်များ ချုပ်ငြိမ်းရန်အကြံပြုလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ပြီးခဲ့သည့် တရားခွင်တွင် NUG/CRPH ကို မသိဘူးဟု ထွက်ဆိုခဲ့သည့်သတင်းများ ထွက်ပေါ်နေကြောင်း၊ သို့သော် တပ်မတော်ကအာဏာထိန်းစကာလတွင် NLD ပါတီနာယက ဦးဝင်းထိန်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ပန်ကြားချက်ဆိုသည့် စာသည် ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်စစ်စစ်ဖြစ်ကြောင်း၊ ၎င်းအသက်ဖြင့်ရင်းပြီး အာမခံသည်ဟု မီဒီယာများကို ထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ယင်းစာတွင်ပါသည့်စာအရ တပ်မတော်အာဏာသိမ်းခြင်းကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လက်မခံဘဲတစ်ခဲနက်ဆန့်ကျင်ကြရန် ၎င်း၏တိုက်တွန်းချက်အရ NLD မှ NUG/ CRPH/PDF ဆိုသည့် အဖွဲ့အစည်းအသီးသီးဆင့်ကဲဆင့်ကဲ ပေါက်ဖွားမွေးဖွားလာခြင်းရှိကြောင်း၊ သို့သော် တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NUG/ CRPH/PDF ကို မသိဘူးဆိုသည့် စကားလုံးတစ်လုံးနှင့် မိမိတို့နိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းများ၊ အခက်အခဲများ၊ အကြမ်းဖက်ကိစ္စရပ်များသည် လုံလောက်မှုမရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဒေါ်အောင် ဆန်းစုကြည်၏ သဘောထားမှတ်ချက် NUG / CRPH / PDF များ၏အပေါ်တွင် ၎င်းအနေဖြင့် ထောက်ခံလျှင် ထောက်ခံကြောင်း၊ ကန့်ကွက်လျှင်လည်း ကန့်ကွက်ကြောင်း၊ အသိအမှတ်ပြုလျှင်လည်း အသိအမှတ်ပြုကြောင်းစသည့် ၎င်း၏သဘောထားမှတ်ချက်ရုပ်သံကို မိမိတို့မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများကပါ ရုပ်သံမှတ်တမ်းအနေဖြင့် ချပြရန်အစီအစဉ်ရှိ /မရှိသိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများသည် ကြိုတင်ပြောနိုင်သည့် အကြောင်းအရာများမဟုတ်ကြောင်း၊ သို့သော် နိုင်ငံရေးတွင်မဖြစ်နိုင်ဘူးဟူ၍ မရှိသကဲ့သို့ ဖြစ်လာချိန်တန်လျှင် ဖြစ်လာလိမ့်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAO အဖွဲ့ ၁၀ ဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ရလဒ်ကောင်းများရရှိခဲ့သည်ဟု သတင်းစကားများကြားရကြောင်း၊ ယမန်နေ့ညကပြောကြားခဲ့သည့် မိန့်ခွန်းတွင်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နားလည်သူများကလာရောက်ပြီး နားမလည်သည့်သူများအနေဖြင့် ဘေးမှကန့်လန့်ပြောဆိုမှုများရှိသည်ဟု ပြောသည်ကိုတွေ့ရကြောင်း၊ မကြာမီကာလအတွင်း လာရောက်ဆွေးနွေးခဲ့သော EAO အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံသွားမည်ဆိုသည့် သတင်းစကားကိုလည်း ကြားသိရကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့မှာ ၁၀ ဖွဲ့ရှိပြီး ဆွေးနွေးခြင်းမပြု၊ တပ်မတော်ကိုမယုံကြည်ဘဲ အပြုတ်တိုက်မည်ဟု ကြွေးကြော်နေသည့်အဖွဲ့က တစ်ဖက်ရှိပါကြောင်း၊ အပြုတ်တိုက်မည်ဆိုသည့်အဖွဲ့များကို မည်သည့်သတင်းစကားများ ပြောကြားလိုသည်ကို သိလိုကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့ ၁၀ ဖွဲ့ကို မည်သည့်သတင်းစကားများ ပြောကြားလိုသည်ကိုသိလိုကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် EAO အဖွဲ့များနှင့်တွေ့ဆုံသကဲ့သို့ နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံမည်ဟုဆိုသည့်သတင်းများကိုလည်း ကြားသိနေရသောကြောင့် ထိုသတင်းမှာ အမှန်တကယ် ဟုတ်၊ မဟုတ်နှင့် အမှန်တကယ်ဖြစ်ပါက မည်သည့်အချိန်ခန့်တွင် တွေ့ဆုံမည်ကိုသိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက EAO ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ထိုအဖွဲ့များနှင့် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တွေ့ဆုံခဲ့ပြီးဖြစ်သည့် EAO ၁၀ ဖွဲ့က ပြောကြားခဲ့သည့်အကြံပြုချက်များ၊ လိုလားချက်များ၊ တိုက်တွန်းချက်များရှိကြောင်း၊ ထိုအကြောင်းအရာများနှင့်ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် အလေးအနက်ထားမှတ်သား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအကျော့တွင်လည်း ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သကဲ့သို့ EAO အဖွဲ့များအနေဖြင့် လုပ်ချင်သည့် ကိစ္စများရှိကြောင်း၊ မိမိတို့အနေဖြင့်လုပ်နိုင်သည့် ကိစ္စများရှိကြောင်း၊ လုပ်ချင်သည့်ကိစ္စနှင့် လုပ်နိုင်သည့်ကိစ္စကြားထဲ၌ လုပ်သင့်သည့်ကိစ္စများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် EAO အဖွဲ့များနှင့် အစွမ်းကုန်ပွင့်လင်းစွာ ဆွေးနွေးပြီးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက် လိုအပ်သည်များနှင့် ၎င်းတို့၏ လိုလားချက်များကို ဆွေးနွေးကြကြောင်း၊ ယခုလက်ရှိ အခြေအနေအရ အဆိုပါစနစ်ကို ကျင့်သုံးနိုင်သည့်အရာများတွင် အခြေခံဥပဒေကို ပြင်ပြီးမှသာလျှင် ကျင့်သုံးနိုင် မည့်အရာများရှိသကဲ့သို့ အခြေခံဥပဒေကို မပြင်မီကျင့်သုံးနိုင်မည့်အရာများလည်းရှိကြောင်း၊ ကျင့်သုံးနိုင်သည်များကို လက်တွေ့စတင်ကျင့်သုံးမည်ဟုပြောပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေနှင့်ပတ်သက်၍ လွှတ်တော်ထဲတွင် ပြင်ရမည့်အချက်များကို တပ်မတော်အနေဖြင့် ကတိပေးပြီးဖြစ်ကြောင်း၊ နောင်ဖြစ်ပေါ်လာမည့် လွှတ်တော်တွင် အထက်ပါအချက်များနှင့်ပတ်သက်၍ အဆိုပြုချက်များတင်သွင်းရာ၌ တပ်မတော်ကအပြည့်အဝ ထောက်ခံမည်ဟုပြောပြီးဖြစ်ကြောင်း၊ အထက်ပါလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တတိယအချက်အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် မိမိတို့လုပ်ဆောင်ပေးရမည့်ကိစ္စများရှိကြောင်း၊ လုပ်ဆောင်ပေးရမည့် ကိစ္စများကို အတတ်နိုင်ဆုံးကြိုးစား၍ ပြည့်ပြည့်ဝဝဆောင်ရွက် ပေးမည်ဟုပြောချင်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့မတက်ရောက်သော EAO အဖွဲ့များကို ပြောလိုသည်မှာ ယခုအချိန်သည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးအချိန်ဖြစ်သည်ဟုပြောလိုကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အုပ်ချုပ်မှုအာဏာနှင့်ပတ်သက်၍ တပ်မတော်ကအစိုးရဖြစ်ပြီး အခြေခံဥပဒေကိုကျော်လွန်၍ တရားဥပဒေကို ပြဋ္ဌာန်း၍မရကြောင်း၊ သို့သော် အချို့သောတရား ဥပဒေပြဋ္ဌာန်းချက်များ ဆောင်ရွက်ချိန်တွင် ပုဒ်မ-၄၂၉ အရ ဆောင်ရွက်ခွင့်ရှိသည်မှာ တပ်မတော်သာဖြစ်ကြောင်း၊ တရားစီရင်ရေးတွင်လည်း ကိုယ်တိုင်သော်လည်းကောင်း၊ အပ်နှင်း ထားသူကသော်လည်းကောင်း ဆောင်ရွက်ပေးနိုင်သည့်အခြေအနေများရှိကြောင်း၊ ထို့ကြောင့် ယခုအချိန်သည် ငြိမ်းချမ်းရေးဆွေးနွေးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး တစ်ဖွဲ့တည်းဖြင့် အပြီးအပြတ် ဆွေးနွေးနိုင်သည့်အချိန်၊ အာမခံချက်ပေးနိုင်သည့်အချိန်ဖြစ်ကြောင်း၊ ရန်စမှုများနှင့် ကြွေးကြော်မှုများကိုလည်း တွေ့ရကြောင်း၊ ထိုအချက်များမှာ ၎င်းတို့အယူအဆနှင့် ၎င်းတို့ဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် လက်နှစ်ဖက်ကိုကိုင်စွဲထားကြောင်း၊ တစ်ဖက်မှာ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးကို အဆင့်တစ်ခုအထိရအောင်လုပ်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အမြဲတမ်းတံခါးဖွင့်ထားကြောင်း၊ ထိုအချက်နှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်လာသည့် လုပ်ငန်းမှန်သမျှကို မိမိတို့အနေဖြင့် တုံ့ပြန်ဆောင်ရွက်သွားရန်ရှိသည်ဟု ပြောလိုကြောင်း။

ယခု လတ်တလောတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေးကြောင်း၊ နိုင်ငံရေးပါတီများနှင့် ပထမဦးဆုံးတွေ့ဆုံမည့် အဖွဲ့အစည်း မှာ UEC ဖြစ်ကြောင်း၊ UEC အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ရေးဆွဲထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ရှိကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲကို PR စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း PR စနစ်ကို အလုံးစုံပြုလုပ်မည်မဟုတ်ဘဲ ပြုလုပ်နိုင်မည့် လွှတ်တော်တစ်ရပ် သို့မဟုတ် နှစ်ရပ်ကိုသာ PR စနစ်ပြုလုပ်မည်ဖြစ်ကြောင်း၊ ရည်မှန်းထားသည်ကို ပြောခြင်းဖြစ်ကြောင်း၊ အားလုံးကို PR စနစ်လုပ်မည်မဟုတ်ကြောင်း၊ UEC နှင့်ဆွေးနွေးပြီး ယခုကိစ္စများပြီးစီးပါက နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် မဖြစ်မနေပြုလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များပြီးဆုံးသည့်အချိန်တွင် ဖြစ်စေ၊ လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်သည့် အချိန်တွင်ဖြစ်စေ တွေ့ဆုံနိုင်လိမ့်မည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)