နေပြည်တော် ဩဂုတ် ၂၃
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ် (၁၅) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ - ၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဥက္ကဋ္ဌ- ၂ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဝင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ -၁ က အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ မြေစီမံခန့်ခွဲရေးနှင့သက်ဆိုင်သည့် တည်ဆဲဥပဒေအသီးသီးကိုလွှမ်းခြုံသည့် အမျိုးသားမြေဥပဒေ (မူကြမ်း) ရေးဆွဲရေးသည် လုပ်ငန်းကော်မတီ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ယင်းသို့ ကနဦးရေးဆွဲရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၆ ခုနှစ် အမျိုးသားမြေအသုံးချမှုမူဝါဒအပါအဝင် ယခင်က ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံများကဖော်ထုတ်ထားသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများမှ “မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ” ပါ အချက်အလက်များကို အခြေခံရန်လိုအပ်မည်ဖြစ်ကြောင်း။
အမျိုးသားမြေဥပဒေ မူကြမ်းရေးဆွဲပြုစုခြင်း လုပ်ငန်းစဉ်တွင် အခြေခံအကျဆုံးဖြစ်သည့် မြေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော တည်ဆဲ (ကျင့်သုံးဆဲ) ဥပဒေများအရေအတွက်၊ ယင်းဥပဒေများအရ မြေအမျိုးအစားများ၊ စီမံခန့်ခွဲနေကြသည့် ဌာနအဖွဲ့အစည်းများ၏ ဆောင်ရွက်နေမှုများကို စုစည်းလေ့လာသုံးသပ်ပြီး ဥပဒေသများသဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်၏ မတူကွဲပြားသော ဒေသဓလေ့ထုံးတမ်းများကိုလည်း အမျိုးသားမြေဥပဒေတွင် ခြုံငုံပါဝင်စေရန် မြေဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ်အဆင့်တိုင်း၌ ပါဝင်အောင်ရေးဆွဲရန် လိုအပ်မည်ဖြစ်၍ လုပ်ငန်းများထိရောက် အောင်မြင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ- ၂ က မိမိတို့ ရေမြေဒေသအခြေအနေများပေါ်အခြေခံ၍ အမျိုးသားမြေဥပဒေမူကြမ်းတွင် ပါဝင်မည့် အခန်းခွဲများမှန်ကန်ရေး၊ လိုအပ်ချက်များ အသေးစိတ်ထည့်သွင်းရေးဆွဲရေး ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများ လျင်မြန်သွက်လက်စေရေးအတွက် ဝန်ကြီးဌာနအလိုက် လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းနှင့်အချိန်ကာလများ တိတိကျကျခွဲဝေဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မြေဥပဒေမူဘောင်ဆိုင်ရာ အခန်းကဏ္ဍအချက်အလက်ကောက်နုတ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစည်းအဝေးတက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
အမျိုးသားမြေအသုံးချမှုကောင်စီ၏ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်- ၁၁/ ၂၀၂၂ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့သော အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဖွဲ့ဝင်(၁၉)ဦးပါဝင်ကာ တည်ဆဲမြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများကိုလေ့လာ၍ ဥပဒေများသဟဇာတဖြစ်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့်အချက်များ စုဆောင်းရရှိနိုင်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ဘာသာရပ်ကျွမ်းကျင်သော ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်များ တောင်းခံရယူခြင်း၊ လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံရယူခြင်းနှင့် လိုအပ်ပါက ညှိနှိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်ပြီး အမျိုးသားမြေအသုံးချမှုမူဝါဒနှင့်အညီ မြေစီမံခန့်ခွဲရေးနှင့်သက်ဆိုင်သော တည်ဆဲဥပဒေအသီးသီးကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေ(မူကြမ်း)ကို ကနဦးရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်