Skip to main content

နိုင်ငံရေးကိုတည်ဆောက် ငြိမ်းချမ်းရေးကိုဖော်ဆောင်

“နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လူမှုရေးနှင့် နိုင်ငံရေးကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံတည်ငြိမ်လာပြီး ဆောင်ရွက်လိုသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင် ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန်အတွက် တစ်ဖက်မှလည်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)တွင် ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးသည် အရေးပါသည့်ကဏ္ဍ (၃) ရပ်ဖြစ်ပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေသည်။ လူမှုရေးသည် စီးပွားရေးအပေါ်တွင်အခြေခံပြီး စီးပွားရေးအားကောင်းပါက တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမှုရှိမည် ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်လူမှုစီးပွားနှင့်ပတ်သက်၍ တိုင်းပြည် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေး အမျိုးသားရေးရည်မှန်းချက် (၂)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးကောင်းမွန်လာလျှင် ပြည်သူတစ်ဦးချင်း၏ အသိပညာ၊ အတတ်ပညာနှင့်လျော်ညီသည့် လူနေမှုစနစ်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်စီးပွားရေး အားကောင်းလာစေ ရန်အတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မား လာစေရန် ကြိုးပမ်းဆောင်ရွက်နေသည်။

နိုင်ငံ၏လူမှုစီးပွား အားကောင်းလာပါက နိုင်ငံရေးရည်မှန်းချက်များမှ လုပ်ဆောင်ဖွယ်ရာများကို ဖြောင့်ဖြောင့်တန်းတန်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက်(၂)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းတန်း အကောင်အထည် ဖော်ဆောင်ရွက်နေပြီး ဖက်ဒရယ်အခြေခံသည့်စနစ်များကိုလည်း စတင်အကောင် အထည်ဖော်နေပြီဖြစ်သည်။ နိုင်ငံတော်အတွက် အထူးအရေးကြီးကိစ္စမှလွဲ၍ သက်ဆိုင်ရာဒေသ၏ အကျိုးစီးပွားများကို ဗဟိုမှချုပ်ကိုင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ ဆောင်ရွက်ခွင့်များရရှိနေခြင်းသည် ဖက်ဒရယ်စနစ်၏သဘော တရားပင်ဖြစ်သည်။ အနာဂတ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အာဏာ လုပ်ပိုင်ခွင့်ပေးထားသည့် ပြည်ထောင်စု ဖြစ်လာမည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် အကောင်အထည်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သည့် အရေးကြီးသောအချက်ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးပန်းတိုင်ကို ဖြောင့်တန်းစွာဖြင့် အမြန်ဆုံးရောက်ရှိစေရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၁၀)ဖွဲ့နှင့် နိုင်ငံတော်အကြီး အကဲကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီးဖြစ်ရာ အလားအလာကောင်းများ ရရှိခဲ့ပြီးဖြစ်သည်။ အားလုံးသည် နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုလိုလားလျက်ရှိပြီး အဆိုပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀)ဖွဲ့ကို အုပ်စုဖွဲ့ကာ ထပ်မံတွေ့ဆုံပြီး နှစ်ဖက်ညှိနှိုင်း ပေါင်းစပ်ကာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကြိုးပမ်း ဆောင်ရွက်နေသည်။

ပြည်ထောင်စုကို အမှန်တကယ်တန်ဖိုးထားပြီး တိုင်းရင်းသားပြည်သူများအရေး၊ ပြည်ထောင်စုအရေး မြော်တွေး၍ မိမိဒေသအကျိုးစီးပွားကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ်တွင် အခြေခံကာ လုပ်ကိုင်ကြမည်ဆိုလျှင် ငြိမ်းချမ်းရေးမှာ အလှမ်းမဝေးပါဟုဆိုချင်သည်။ သို့သော် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များအနေဖြင့် အဆိုပါအချက်နှစ်ခုအား နားလည်နိုင်ခြင်းမရှိဘဲ မည်သည့် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးကို ရှောင်လွှဲနေသည်မှာ မေးခွန်းထုတ်စရာဖြစ် သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဖြေရှင်းနေမည်ဆိုပါက တည်ငြိမ်အေးချမ်းရန်ခက်ခဲပြီး ငြိမ်းချမ်းရေးနှင့်အလှမ်းဝေးကာ မိမိတို့ တိုင်းရင်းသားပြည်သူများသာ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးသည် လွတ်လပ်ရေး ရပြီးသည်မှစ၍ လက်နက်ကိုင်ပဋိပက္ခများဖြင့် မငြိမ်းချမ်းခဲ့သောကြောင့် တိုင်းပြည် သူတစ်ပါးနိုင်ငံနောက်ကျန်ခဲ့သည်မှာ များစွာနစ်နာလှသည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်သော အမျိုးသားရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးလုပ်ငန်းစဉ်တို့နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့လာမည့်ကာလများတွင် စီးပွားရေးဦးမော့လာ အောင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံရေးကို ခိုင်မာအောင် တည်ဆောက်၍ ငြိမ်းချမ်းရေးကို အောင်မြင်အောင် တက်ညီလက်ညီ တွန်းအားပေး ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း။